ပန်းတောင်း စက်တင်ဘာ ၂၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ဒေသခံ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ဆောင်ရွက်ပေးနေမှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် အလေးထား လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက ပန်းတောင်း အ.ထ.ကကျောင်း၌ ဆေးထိုး စုရပ်တွင် လာရောက်သည့် ဒေသခံပြည်သူများနှင့် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို ပန်းခင်းစီမံချက် အကြောင်း သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ပန်းခင်းစီမံချက်နှင့် ပတ်သက်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ဆောင်ရွက်ရာတွင် မဖြစ်မနေ ပါရှိရမည့် အထောက်အထား အချက်အလက်များ၊ ပညာပေးဆောင်ပုဒ်များ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် မဟုတ်မမှန်ဖော်ပြခြင်း (သို့မဟုတ်) ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကို ရရှိပါက အရေးယူခံရမည့် ဥပဒေ၊ နည်းဥပဒေနှင့် ပြစ်မှုများ၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေနှင့် မှတ်ပုံတင် ရေးအက်ဥပဒေများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ် ခြင်းနှင့် စပ်လျဉ်းပြီး သိရှိလိုပါက ဆက်သွယ်မေးမြန်းရမည့် ဝန်ထမ်းများ၏ ဖုန်းနံပါတ်နှင့် ရုံးဖုန်း နံပါတ်များ ဖော်ပြပါရှိကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက ပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း အခက်အခဲမရှိ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်နှင့် အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်း ဦးဆောင်၍ ဝန်ထမ်းများ အဖွဲ့က အ.ထ.ကကျောင်း ဆေးထိုးစုရပ်သို့ လာရောက်သည့် ဒေသခံပြည်သူများနှင့် မြို့တွင်း ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများကို ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ပြုလုပ်ပေးခြင်းကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ် ဆောင်ရွက် ပေးလျက်ရှိကြောင်း ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထံမှ သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)