ကျိန္တလီ စက်တင်ဘာ ၂၄
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ တစ်ဦး၏ရင်တွင်းစကားသံများကို အောက်ပါအတိုင်းဖော်ပြ လိုက်ရပါတယ်။
ကျွန်တော့်နာမည်က ဦးနေမျိုးလင်း ပါ။နေတာကတော့ အမှတ်(၁)ရပ်ကွက် ၊ ပြည်ထောင်စုလမ်း မှာနေပါတယ်၊၊ အလုပ်အကိုင်ကတော့ ဈေးရောင်းပါတယ်။ကျွန်တော်က ကွမ်းယာရောင်းတယ် ဆိုတော့ လူတွေနဲ့ထိတွေ့မှုများပါတယ် ၊ ဈေးရောင်း တာကတော့ ကျွန်တော်နဲ့ကျွန်တော့် အမျိုးသမီးနဲ့အတူ ရောင်းပါတယ် ။ တစ်ရက် ရေချိုးနောက်ကျ ပြီး အအေးမိ သလိုဖြစ်ပြီးဖျားပါတယ်။ နောက်နေ့မှာ ဖျားတာသက်သာသွားပေမဲ့ အနံ့မရတော့တာကို သတိထားမိခဲ့တယ်။ ကျွန်တော်စပြီး အနံ့ပျောက်တဲ့နေ့မှာပဲ ကျွန်တော့်အမျိုးသမီးနဲ့ အငယ်ဆုံးသားလေးပါ အနံ့ပျောက်ပါတယ်။ အဲ့တာနဲ့ကျွန်တော်က ကိုဗစ်ကူးစက်ခံနေရပြီးလား ဆိုပြီးသံသယစိတ် ဝင်လာတဲ့အတွက်ကြောင့် နောက်နေ့မနက်မှာ ကျိန္တလီမြို့ပြည်သူ့ဆေးရုံကို သွားပြီးတော့ စစ်ဆေးလိုက်တဲ့အခါ ကျွန်တော်တို့ သားမိသားဖသုံးယောက်လုံး ကိုဗစ်ရောဂါကူးစက်ခံထားရကြောင်း သိရပါတယ်။ ကျွန်တော်တို့ မိသားစုသုံးယောက်လုံးက ကိုဗစ်ရောဂါရဲ့တိုက်ခိုက်မှုဒဏ်ကို သိပြင်းပြင်းထန်ထန် ခံစားခဲ့ရတာ မျိုးမရှိပါဘူး။ အရင်တုန်းက ဖြစ်ခဲ့ဖူးတဲ့ ရာသီတုတ်ကွေးရောဂါ လောက်ပဲခံစားရပါတယ်။ အောက်စီဂျင် ကျတာမျိုး လဲမရှိဘူး။
ကျွန်တော်က ဘယ်လိုအခြေအနေမျိုးမှာမဆို စိတ်ဓါတ်ကျတတ်တဲ့လူတစ်ယောက်မဟုတ်ပါဘူး ကျွန်တော့်ရဲ့စိတ်ကိုလည်း အမြဲတမ်းပျော်ရွှင်အောင်ထားတယ် ။ ကျွန်တော်နဲ့အတူ ကျွန်တော့် အမျိုးသမီးနဲ့သားလေးကိုလည်း ကြောက်စိတ်တွေမမွေးဖို့ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်တတ်ဖို့ အတွက်ကိုလည်း ကျွန်တော်က နေ့စဉ်ပြောပြနေခဲ့ပါတယ်။ဒီလိုကူးစက်ရောဂါကို တက်ရောက်ကုသ နေတဲ့အချိန်မျိုးမှာ အိပ်ရေးဝဝအိပ်ဖို့ ၊ အားဖြစ်အစားအစာတွေကိုစားဖို့ ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာနေထိုင်ဖို့ကိုလည်း ပြောပြပေးခဲ့ပါတယ်။အဲ့တာကြောင့် ကိုဗစ်ရောဂါ ကူးစက်ခံရမှုကို သက်သက်သာသာနဲ့ပဲ ကျော်ဖြတ်လာနိုင်ခဲ့တယ်လို့ထင်မိပါတယ်။ ကျွန်တော် ဆေးရုံစတက်တဲ့အချိန်ကဆိုရင် ကျိန္တလီမြို့မှာ ကိုဗစ်ကုသရေးစင်တာ ဖွင့်လှစ်ထားတောင် မရှိသေး ပါဘူး။ ဂွမြို့နယ်ပြည်သူ့ဆေးရုံကိုပဲ ကျွန်တော်တို့မိသားစု လွှဲပြောင်းပေးခဲ့ပါတယ်။ ဆေးရုံမှာ (၁၀)ရက်အကြာ ဆေးကုသမှုခံယူနေစဉ် ကျန်းမာရေးဝန်ထမ်းများကလည်း တစ်နေ့ကို မနက်ပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ် အပူချိန်တိုင်းပေးတယ် ၊ အောက်ဆီဂျင်ကျမကျ တိုင်းတာပေးတယ် နေ့တိုင်းလဲ ဆေးသောက်ဖို့ကို ပျက်ကွက်မှု မရှိအောင် အမြဲတမ်းညွှန်ကြား ပေးတယ်။ ကိုဗစ်ရောဂါနဲ့ တက်ရောက် ကုသနေတဲ့လူနာတွေကိုလည်း နွေးနွေးထွေးထွေး ဆက်ဆံတယ်။ဆေးကုသမှုခံယူပြီး (၁၀)ရက်အကြာ မှာဆေးရုံဆင်းခွင့် ရပြီဆိုတဲ့ အကြောင်းကိုကြား လိုက်ရတော့ ကျွန်တော်အရမ်း ဝမ်းသာပျော်ရွှင်ခဲ့ရ ပါတယ်။ ကျွန်တော့်အနေနဲ့ မိမိတို့ပြည်သူတွေကို အသိပေးချင်တာကတော့ ကိုဗစ်ကူးစက်ခံရပြီလို့ သံသယဝင်လာတဲ့အခါ ကျွန်တော့်လိုပဲ အမြန်ဆုံး နီးစပ်ရာ ကျန်းမာရေးဌာနကို သွားရောက်ပြီးတော့ စစ်ဆေးမှုတေပြုလုပ်ကြပါ။ ကိုဗစ်ဖြစ်လာခဲ့ရင် လည်း အရမ်းကြီးကြောက်စရာမလိုပါဘူး ။ ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူလိုက်ရင် ပျောက်သွားမှာပါ။ မိမိတို့ပြည်သူများအနေနဲ့လည်း ကိုဗစ်ကာကွယ်ဆေးကို ကြုံကြိုက်လို့ ဆေးထိုးခွင့်ရလာခဲ့ရင် လက်လွှတ်မခံပဲ ဆေးထိုးကြဖို့ကို တိုက်တွန်းပေးလိုပါတယ်။ ယခုလိုဖြေကြားခွင့်ရတဲ့အတွက်လဲ ကျေးဇူးတင်ရှိပါတယ်။
တွေ့ဆုံမေးမြန်းသူ- ခိုင်မိုးမင်း(ပြန်/ဆက်)