မကွေး စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃၂/၂၀၂၁)ကို ယနေ့နံနက် ၉ နာရီ က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာ စကားပြောကြားသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်သူလူထု၏ မျက်ခြေမပြတ် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်မှုများကြောင့် ပိုးတွေ့မှုရာခိုင်နှုန်း ကျဆင်းလာတာကို တွေ့ရကြောင်း၊ ယမန်နေ့အထိ မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှု ၁၁ရာခိုင်နှုန်းအထိ လျော့နည်း လာသည်ကို တွေ့ရှိရကြောင်း၊ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများအား အရှိအဟုန်မပျက် ပိုမိုဆောင် ရွက်သွားကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ်အသီသီးမှာလည်း အောက်စီဂျင်စက်ရုံများ တည်ဆောက်ခဲ့ပြီး အောက်စီဂျင်ထုတ်လုပ်မှုကို မြို့နယ်အချို့မှာ စတင်လည်ပတ် ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်သည့်အတွက် တိုင်းဒေသကြီးအတွင်းမှ ကိုဗစ်လူနာများရဲ့ အောက်စီဂျင်လိုအပ်မှုကို ပြည့်ဝစွာ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ စာရင်းဇယားများစနစ်တကျ ထိန်းသိမ်းထားရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး လုပ်ငန်းများကိုလည်း ဝိုင်းဝန်းပူးပေါင်း ကာ ပိုမိုလုပ်ဆောင်သွားကြရမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြား သည်။
ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များ၊ မကွေးတပ်နယ်မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့ချရေးလုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာ ဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ကိုအောင်