မင်းဘူး စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရား မန်းချောင်း အထက်ပိုင်းရှိ အထက်အညာ ဒေသများတွင် ယခုရက်ပိုင်း မိုးများရွာသွန်းခဲ့မှုကြောင့် ရွှေစက်တော်ဘုရာ မန်းချောင်းအတွင်း ယနေ့နံနက်ပိုင်းက မန်းချောင်းရေများတိုးမြင့်နေကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
ယခုလက်ရှိ မန်းချောင်းရေတိုးမြင့်ခြင်းကြောင့် အောက်ခြေတော်ရာဘုရားရင်ပြင် လှေကား နှစ်ထစ်အထိ ဖြတ်သန်းစီး ဆင်းလျက်ရှိကြောင်း၊ ဩဂုတ်လ ၅ ရက် နေ့ကလည်း မန်းချောင်းရေ တိုးမြင့်ခဲ့ပြီး အောက်ခြေတော်ရင်ပြင်ရှိ မြတ်ဗုဒ္ဓ၏ ခြေတော်ရာအထက် ၂ ပေခွဲခန့်အထိ ဦးခိုက် ဖြတ်သန်းစီးဆင်းခဲ့ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရား မန်းချောင်းအထက်ပိုင်းရှိ ဒေသများ၌ မိုးများရွာသွန်းခဲ့မှုကြောင့် ပန်းထိမ်း မန်းချောင်း၊ ငဖဲမန်းချောင်း၊ ပင်ဦးကျေးရွာနှင့် ကံသာကျေးရွာကြားရှိ ပစီချောင်းတို့မှ မန်းချောင်းရေများ တိုက်ရိုက် ဖြတ်သန်းစီးခြင်း တို့ကြောင့် ရွှေစက်တော်မန်းချောင်းအတွင်း မန်းချောင်းရေတိုးခြင်းများဖြစ် ပေါ်ခြင်းဖြစ်ကြောင်း၊ အထက်မန်းတမံ ရေပိုလွှဲမှလည်း ဆည်ရေကျော်ပါက မန်းချောင်းရေတိုးခြင်းများ ဖြစ်ပေါ်လေ့ရှိကြောင်း၊ မိုးတွင်းကာလ အောက်ခြေတော်ရာအား ဘုရားဖူးမိဘပြည်သူများ အလွယ်တကူ ဖူးမြော်ကြည်ညိုနိုင်စေရန် အဖြုတ်အတတ် ပြုလုပ် လွယ်သော ယာယီသစ်သားတံတား တစ်စင်းကို ယခုလ ၈ ရက်နေ့က တည်ဆောက်ခဲ့ပြီးနောက် မန်းချောင်းရေ တိုးမြင့်ခဲ့ခြင်းကြောင့် ပြန်လည်ဖြုတ် သိမ်းခဲ့ရကြောင်း မန်းရွှေစက်တော်ဘုရား ကျန်းမာသန့်ရှင်း တာဝန်ခံ ဦးမြင့်နိုင် (ငဖဲ)က ပြောသည်။
မန်းရွှေစက်တော်ဘုရားကြီးအား လာရောက်ဖူးမြော်မည်ဆိုပါက ရဟန်းရှင်လူ ဘုရားဖူးမိဘ ပြည်သူများအနေဖြင့် ဒေသအာဏာပိုင် အဖွဲ့အစည်းများ၏ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့် သတ်မှတ်ချိန်အတွင်း ညအိမ်ဖူးမြော်ခြင်းကို ခွင့်မပြုထားဘဲ နေ့ချင်းပြန် လာရောက်ဖူးမြော်နိုင် ကြောင်းနှင့် မိုးတွင်းကာလ ရေများချိန်တွင် စက်လှေများဖြင့် ဖူးမျှော်နိုင်ရန်လည်း စီစဉ်ထားရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)