ဒီပဲယင်း စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင် EM ဘိုကာရှီမြေဩဇာနှင့်သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲရေး တောင်သူများအားနည်းပညာပေး လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
ယခုနှစ် စိုက်ပျိုးရာသီတွင်ဓာတ်မြေ ဩဇာများ၊ ဓာတုပိုးသတ်ဆေးများ ဈေးနှုန်းကြီးမြင့်၍ တောင်သူများ အပြည့်အဝ မသုံးစွဲနိုင်ခြင်းကြောင့် အထွက်နှုန်းကျဆင်းမှုမရှိရေး ၊ စိုက်ပျိုးရေးထုတ်ကုန်များ အရှုံးပေါ်မှုမရှိစေ ရေးနှင့်လယ်ယာ ကုန်ထုတ်လုပ်မှုစရိတ် လျော့ချနိုင်စေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်မှုမရှိဘဲ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ EM ဘိုကာရှီမြေဩဇာ တစ်ဧကစာအတွက် စပါးခွံ(၂)တောင်း၊ ဖွဲနု(၂)တောင်း၊ နွားချေးမြေဆွေး(၄) တောင်း၊ ပဲဖတ်(၁)ပိသာ၊ EM အပြင်း (၁၅၀)စီစီ၊ တင်လဲရည် (၁၅၀)စီစီ၊ ရေ(၁၈)လီတာတို့ပါဝင် ရမည်ဖြစ်သည်။ ဆက်လက်ပြီး EM (5) ဖျော်ရည်ပြု လုပ်ရာတွင် လည်း EM အပြင်း (၁) လီတာ၊ အရက်ပြင်း(၁)လီတာ၊ ရှာလကာရည် (၁)လီတာ၊ တင့်လဲရည်(၁) လီတာ၊ ရေ(၆)လီတာ တို့ဖြင့် EM(5)ဖျော်ရည် (ပိုးပြေးဆေး) ပြုလုပ်ရမည် ဖြစ်ကြောင်း စိုက်ပျိုးပညာပေး ကွင်းဝန်ထမ်း များက အကျိုးဆောင်တောင်သူများအား နည်းပညာကို လက်တွေ့ ပြုလုပ်ပြသ ပေးခဲ့သည်။
အဆိုပါ နည်းပညာလက်တွေ့သရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးဌာနမှူး ဦးအေးမင်းထွန်း၊ စိုက်ပျိုးပညာ ပေးကွင်း ဝန်ထမ်းများနှင့်အကျိုးဆောင်တောင်သူ (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပဲယင်း