ပွင့်ဖြူ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီ ရေလွှဲဆည်ရေနှင့် မြေအောက်ရေကို စနစ်တကျ အသုံးချပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ်တွင် ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ငှက်ပျောအထွက်နှုန်း ကောင်းမွန်သော်လည်း ဈေးကောင်းမရရှိသဖြင့် သီးနှံဝင်ငွေနည်းပါးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ရှိ ငှက်ပျောစိုက်ပျိုး တောင်သူများထံက သိရသည်။
ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဒေသခံကျေးလက်နေတောင်သူများမှာ (နွေ ၊ မိုး ၊ ဆောင်း ) ရာသီမပြတ် စိုက်ပျိုးရေးလုပ်ငန်းအား စီးပွားဖြစ်လုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးသည့်သီးနှံများမှာ စပါး ၊ နှမ်း ၊ ကုလားပဲ ၊ ပဲထောပတ် ၊ ပဲတီစိမ်း ၊ နေကြာ ၊ မြေပဲသီးနှံနှင့် စားပင်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း သိရသည်။ အချို့တောင်သူ များမှာ ဥယျာဉ်ခြံမြေများ ပြုလုပ်ကာ ဖီးကြမ်းငှက်ပျော ၊ ငှက်ပျောချဉ် ၊ သီးမွှေးငှက်ပျော ၊ ရခိုင်ငှက်ပျော တို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် နွေ ၊ မိုး ၊ ဆောင်း သုံးရာသီ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းမှာ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကိုလည်း စီးပွား ဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ကျွန်တော်တို့ ဒေသမှာ အများဆုံး စိုက်ပျိုးတဲ့ ငှက်ပျောကတော့ ဖီးကြမ်းငှက်ပျော ဖြစ်ပါ တယ်။ ဖီးကြမ်းငှက်ပျောက စားသုံးသူအကြိုက်တွေ့ကာ ဈေးပိုရတဲ့အတွက် တောင်သူတွေအများစုက အားထားစိုက်ပျိုး ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းပြီး ငှက်ပျောအထွက်နှုန်း ကောင်းပေမယ့် ဈေးကောင်းမရလို့ တွက်ချေမကိုက်ကြဘူး ။ ပြီးခဲ့တဲ့နွေတုန်းကတော့ ငှက်ပျောဈေးကွက်က ဖီးကြမ်း တစ်ဖီးကို ငွေကျပ်(၉၀၀ ၊ ၁၀၀၀) ရောင်းချရပါတယ်။ ယခု မိုးတွင်းပိုင်းမှာတော့ ဈေးကပြန်ကျသွားတယ် ၊ တစ်ဖီးကို ငွေကျပ် (၆၀၀ ၊ ၇၀၀) လောက်ပဲ ရောင်းနေရတယ်။ ငှက်ပျောဈေးကွက် မကောင်းတဲ့အတွက် စိုက်ပျိုးတောင်သူတွေရော ၊ တစ်ဆင့်ပြန်လည်ရောင်းချတဲ့ ဈေးသည်တွေရော လုပ်ငန်းအဆင်မပြေကြပါဘူး။ ဈေးမကောင်းပေမယ့်လည်း မိသားစု စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြရပါတယ်။ ဒါ့ကြောင့် တောင်သူတွေက ငှက်ပျောဈေးကောင်းရရှိရေးအတွက် မျှော်လင့်နေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျောစိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )