မော်လမြိုင်ကျွန်း စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ရောဂါကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကုတင်(၁၀၀) ဆေးရုံကြီးနှင့် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံတို့ တွင် ယနေ့အချိန်ထိ ကုသဆဲလူနာ(၆၈)အား ကရုစိုက်ကြပ်မက်ကုပေးလျက်ရှိပြီး အတည်ပြု လူနာပေါင်း(၇၆၄)ဦး၊ ဆေးရုံဆင်း (၅၆၄)ဦးနှင့် ယနေ့အချိန်ထိ သေဆုံးသူ စုစုပေါင်း (၁၁၈)ဦး ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါနှင့် ပတ်သတ်၍ ခံစားရသည့် ဝေဒနာများ၊ သက်သာပျောက်ကင်း၍ ပြန်လည် ကျန်းမာလာမှု အခြေအနေများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဆေးရုံမှဆင်းခွင့် ရရှိသူ သံဃာတော်တစ်ပါးနှင့် လူတစ်ဦးအား မေးမြန်းဆောင်ရွက်ခဲ့ရာ တွေ့ကြုံခံစားရမှုအား ယခုလို ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဦးဇင်းဘွဲ့တော်ကတော့ ဦးနန္ဒ၊ အထက်မအူတုန်းကျေးရွာ အုပ်စုကပါ၊ ကျောင်းမှာနေရင်း စဖျားတယ်၊ (၃)ရက်ခန့် တုတ်ကွေးဆန်ဆန် ဖျားရင်း၊ ဆေးသောက်ပြီး နားနား နေနေ နေပါတယ်၊ ကိုယ်တွေ လက်တွေ ကိုက်ခဲတယ်၊ နှာမွှန်ချောင်းဆိုးကလဲ မသက်သာပါဘူး၊ တစ်ပတ်ခန့် အကြာမှာတော့ အဖျားကြီးပြီး မထနိုင်တော့တဲ့အတွက် ကိုဗစ်ရောဂါ သံသယရှိ လာသဖြင့် စက်တင်ဘာ(၁)ရက်နေ့မှာ ကျေးရွာမှ ပရဟိတ ဆောင်ရွက်သူ တပည့်များဖြင့် မြို့နယ်ဆေးရုံသို့ လာရောက်စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့တယ်။
မြို့နယ် တိုင်းရင်းဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု့ ခံယူခဲ့ပြီး နောက်တစ်နေ့ကျ အဖျားတက်တာက ပျောက်ကင်းပြီး အနံ့အရသာပါ ပျောက်သွားပါတယ်၊ (၅)ရက်မြောက်တဲ့နေ့မှာ သက်သာပါတယ်။ အခြားရောဂါအခံ မရှိတဲ့အတွက် မောပန်းခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်း များခံစားနေရဆဲဖြစ်ပါတယ်၊ စက်တင်ဘာ(၁၀)ရက်မှာ ဆေးရုံဆင်းခွင့် ရခဲ့ပါတယ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်၊ ကျောင်းမှာ (၁၀)ရက် (Home Quarantine )နေထိုင်ပါတယ်၊ အရမ်းမောပါတယ်၊ အားဆေး သောက်ပြီး အနားယူနေ ရပါတယ်၊ ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်လို့ ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းပါတယ်။
ကျွန်တော်အမည်က ကိုရဲမင်းဦးပါခင်ဗျာ၊ အသက်(၁၈)နှစ်ပါ၊ ရေလိန်ကျေးရွာအုပ်စု လယ်ယာလုပ်ငန်း လုပ်ကိုင်ပါတယ်၊ မိသားစုကိစ္စနဲ့ ပတ်သတ်၍ ရန်ကုန်သွားရာ အပြန်တွင် သာပေါင်းဂိတ်တွင် စစ်ဆေးရာမှ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်၊ ကျွန်တော်အား မြို့နယ်တိုင်းရင်းဆေးရုံကြီးတွင် တက်ရောက် ကုသရပါတယ်။
ကျွန်တော်အနေနဲ့ မစစ်ဆေးခင်(၂)ရက်အလိုက ကိုယ်တွေလက်တွေ ကိုက်ခဲပါတယ်၊ ဖျားနာခြင်းမရှိပါဘူး၊ ကိုဗစ် ရောဂါ ပိုးတွေ့ရှိပြီး ဆေးရုံတက်သည့်ရက် နှစ်ရက်မြောက်မှာ နှာပိတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊မောခြင်းများကို ခံစားခဲ့ရပါတယ်၊ ဆေးရုံမှ အားဆေးနှင့် mask နှာခေါင်းစည်းများပေးခဲ့ပြီး နေ့စဉ် အစာများများစား၊ အိပ်ရေးဝဝအိပ်၊ ဆေးသောက်၍ အနားယူနေထိုင်ခဲ့ပါတယ်။
ဆေးရုံမှ စက်တင်ဘာလ (၂)ရက်နေ့တွင် ပရဟိတ အသင်းကားနှင့် နေအိမ်သို့ လိုက်လံပို့ဆောင် ပေးပါတယ်၊ နေအိမ်မှာ (Home Quarantine) (၁၀)ရက် နေထိုင်ခဲ့ပါတယ်၊ အိမ်ပြန်ရောက်ခါစမှာ မောခြင်း၊ ခြေလက်များကျဉ်ခြင်း၊ ခေါင်းကိုက်ခြင်းများကို ခံစားခဲ့ရပါတယ်၊၊ ယခုအချိန်မှာ covid19 positive ဖြစ်ခဲ့တာ (၁)လကျော် ကြာမြင့်ခဲ့ပြီး ရောဂါသက်သာ ပျောက်ကင်းနေပြီ ဖြစ်ပါတယ်၊၊ ကျွန်တော်မှာ အခြားဘာရောဂါမှ မရှိပါဘူးခင်ဗျာ။ ကျွန်တော် အနေနှင့် လူတိုင်းနှာခေါင်စည်း အမြဲတပ်ဆင်ပြီး လက်ဆေးကြဖို့ တိုက်တွန်းလိုပါတယ်။
ပြည်သူများအနေနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းများကို လိုက်နာ၍ စနစ်တကျ ဂရုစိုက်နေထိုင်ကြပြီး ကိုဗစ်ရောဂါ ကင်းစင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်သည့်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရောဂါပျောက်ကင်းသူများနှင့် တွေ့ဆုံမေးမြန်းခြင်း ဖြစ်ပါကြောင်း။
သီတာအောင်(ပြန်ဆက်)