မင်းဘူး(စကု)မြို့နယ်၌ Mobile Swab Van ယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ အခမဲ့ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

မင်းဘူး စက်တင်ဘာ  ၂၄

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အခမဲ့ စစ်ဆေးခြင်းများကို Mobile Swab Van ယာဉ်ဖြင့် မြို့နယ်ထွေ/အုပ် ဝန်ထမ်းများ၊ Swab Team အဖွဲ့မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် Volunteer များပူးပေါင်း၍ ကျေးရွာအရောက် RTD Test Kits ဖြင့် နေ့စဉ် အခမဲ့ စစ်ဆေးဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယမန့်နေ့က ပေကုန်း ကျေးရွာမှ (၁၄)ဦးနှင့် စကုမြို့မရဲစခန်းမှ (၇)ဦး၊ စုစုပေါင်း (၂၁)ဦးကို စာရင်းကောက်ယူ၍ သွားရောက်စစ်ဆေးပေးခဲ့ရာ အားလုံးရောဂါပိုးမတွေ့ (Negative) အဖြေထွက်ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ Mobile Swab Van ဖြင့် အခမဲ့ စစ်ဆေးခြင်းများကို ဩဂုတ်လ ၂၇ ရက်မှ စတင်ခဲ့ပြီး စက်တင်ဘာ ၂၃ ရက်အထိ စစ်ဆေးသူပေါင်း (၇၇၇)ဦးအနက် ပိုးတွေ့သူပေါင်း (၈၆)ဦး ရှိကြောင်း၊ ရောဂါပိုးတွေ့ရှိသူများကို သတ်မှတ်ထားသော ကုသရေးစင်တာများသို့ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ကုသပေးခဲ့ပြီး အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။

မောင်မောင်(မင်းဘူး)