ကျောက်ဖြူ စက်တင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၁၈ နှစ် အထက်ရှိပြည်သူများနှင့် ဆေးထိုးရန်အကျုံးဝင်သူများကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဆိုပါခိုလှုံရာ စခန်းသို့သွားရောက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ IDPs စခန်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ရာတွင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက နှာခေါင်းစည်း များအခမဲ့ဝေငှပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်းများကို ဆောင်ရွက်ပေးပြီး ၎င်း IDPs Camp မှ Volunteer လူငယ်များကလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းနောက် ကျောက်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံ ခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက် ပေးကာ ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကိုထိုးနှံပေးသည်။
ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့်စပ်လျဉ်း၍ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းနေ ဦးမောင်အေးလှိုင်က“ ကျွန်တော်အသက်က ၃၆ နှစ်ရှိပါပြီ၊ ဒီနေ့က ကိုဗစ်ကာကွယ်ဆေးကို လာရောက် ထိုးနှံခြင်းဖြစ်ပါတယ်၊ ဆေးထိုးပြီးချိန်မှာ နာကျင်တာတို့၊ မူးဝေတာတို့မရှိပါဘူး၊ ခုလို အသက် ၁၈ နှစ် အထက်ရှိသူတွေနဲ့ ဆေးထိုးဖို့အကျုံးဝင်တဲ့သူတွေကို လာရောက်ဆေးထိုးနှံပေးတဲ့အတွက် ဆရာ၊ ဆရာ မတွေနဲ့ နိုင်ငံတော်ကအကြီးအကဲတွေအကုန်လုံးကို ကျွန်တော်အနေနဲ့အထူးဘဲကျေးဇူတင်ပါလို့ ပြော ချင်ပါတယ်” ဟုပြောသည်။
အလားတူ အသက် ၃၀ နှစ်အရွယ် မစန္ဒာဝင်းကလည်း “ကျွန်မက အခုဖြစ် နေတဲ့ကိုဗစ်ကာလ အတွင်းမှာ နေမကောင်းတာတို့၊ အနံပျောက်တာတို့၊ ကိုဗစ်ဖြစ်တာတို့ မရှိခဲ့ပါဘူး၊ ဒါပေမယ့် ဒီကာကွယ် ဆေးကို ထိုးထားတဲ့အတွက် ကိုဗစ်ရောဂါပိုးကူးစက်မှုတွေ၊ သေဆုံးမှုတွေလျော့နည်းနိုင်တယ်လို့ သိ ထားပါတယ်၊ ဒါကြောင့် ဒီနေ့ကာကွယ်ဆေးကို လာရောက်ထိုးနှံတာဖြစ်ပါတယ်၊ ကျွန်မအနေနဲ့ ဒီ ကျောက်တစ်လုံး IDPs Camp မှာနေတဲ့သူတွေကို ဆေးထိုးခွင့်ရှိတဲ့အချိန်လေးမှာ လာရောက်ပြီးတော့ ဆေးထိုးကြဖို့ကိုပြောချင်ပါတယ်၊ နှိုးလည်းနှိုးဆော်ပေးနေပါတယ်၊ အထူးသဖြင့် ဆေးထိုးပေးကြတဲ့ ကျန်းမာရေးဌာနက ဆရာ၊ ဆရာမတွေရယ်၊ နိုင်ငံတော်ကအကြီးအကဲတွေကို အထူးဘဲကျေးဇူး တင်ပါတယ် ဝမ်းလည်းဝမ်းသာမိပါတယ်” ဟု၎င်းက ပြောကြားသည်။
အဆိုပါခိုလှုံရာစခန်းမှ အသက် ၆၅ နှစ်အထက်ရှိ ပြည်သူများကို ဒုတိယအကြိမ် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးအား သြဂုတ်လ ၄ ရက်နေ့မှစ၍ ထိုးနှံပေးထားပြီးဖြစ်ကာ ယခုအခါ အသက် ၁၈ နှစ်အထက်ရှိ ကာကွယ်ဆေးထိုးရန်အကျုံးဝင်သူများကို စက်တင်ဘာလ ၁၇ ရက်နေ့မှစတင်ထိုးနှံပေး လျက်ရှိပြီး ယနေ့တွင် ဆေးထိုးရန်ကျန်ရှိနေသူများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
သတင်း-တင်ထွန်းဦး
ဓါတ်ပုံ- ဖြိုးဝေလင်း