မြို့သစ် သြဂုတ် ၁၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် (စတုတ္ထအကြိမ်) ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ထံပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေတို့က အမှာစကား ပြောကြား၍၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ထောက်ပံ့ ငွေပေးအပ်ရခြင်း ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့သစ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု (၅၂) အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု များအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀/-) နှုန်းဖြင့် အိမ်ထောင်စု (၁၅၇၇၈) စုအတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် (၃၁၅,၅၆၀,၀၀၀) တိတိကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် ( ပြန် / ဆက် )