မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံကော်မတီ အစည်းအဝေးတက်ရောက်

မကွေး စက်တင်ဘာ ၂၄

 

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၄/၂၀၂၁)အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး(အောက်ထပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင့်လွင်က မိမိတို့ မကွေးတိုင်းဒေသကြီးတွင် လာရောက်လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေ ချောမွေ့စွာ  ဆောင်ရွက်နိုင်ရေး ကော်မတီအဖွဲ့ဝင်များ အနေဖြင့် လုပ်ထုံးလုပ်နည်း များနှင့် အညီ ကူညီ ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကြွယ်ဝချမ်းသာရေး အတွက် နိုင်ငံအတွင်း ရင်းနှီးမြုတ်နှံမှုလုပ်ငန်းများ တိုးပွားများပြားလာစေဖို့ အရေးကြီးကြောင်း၊ မကွေးတိုင်းဒေသကြီး၌ အခြားတိုင်းဒေသကြီး ပြည်နယ်များနှင့် မတူကွဲပြားထူးခြားသည့် ဝိသေသ များရှိပါကြောင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းပြီး နိုင်ငံ၏ ဆီအိုးကြီးအဖြစ် တင်စားခေါ်ဝေါ်ကြပါ ကြောင်း၊တိုင်းဒေသကြီးတွင် ဆီထွက် သီးနှံများ နှင့်အခြားစိုက်ပျိုးရေးလုပ်ငန်းများ စိုက်ပျိုးရန် ယာမြေ များစွာရှိကြောင်း၊ ကဏ္ဍစုံဖွံ့ဖြိုးတိုး တက်ရန် အတွက် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးသည် နေရောင်ခြည်စွမ်းအင်ပေါင်း များစွာရရှိသော နေရာများရှိသည့်အတွက် နေရောင်ခြည်စွမ်းအင် များစွာ ထုတ်ယူနိုင် သည့်  အခြေအနေ ရှိပါကြောင်း၊ လယ်ယာထုတ်ကုန်များကို အခြေခံ၍ နည်းပညာများတိုးမြှင်ကာ တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရည်ရှည်တိုးတက်လာစေရန် စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မြန်ဆန်ဆန် ခွင့်ပြုနိုင်ရန် အဖွဲ့ဝင်များအနေဖြင့် စိတ်စေတနာအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၃/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးမှတ်တမ်းကို အတည်ပြုနိုင်ရေးနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့သည့် လုပ်ငန်း(၂)ခုကို အတည်ပြုပေးပါရန် ကော်မတီသို့ တင်ပြခဲ့ပြီး၊ တက်ရောက်လာသည့် ကော်မတီ အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးတက် ရရှိရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရရှိရန်တို့နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြပြီး၊ တင်ပြဆွေးခဲ့မှု များအပေါ် ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် က လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မောင်ညီညာ(မကွေး)