မအူပင်ခရိုင်၌ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

မအူပင် စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီထွေးက ဌာနဆိုင်ရာ များအနေဖြင့် တိုင်း၊ ခရိုင်များ၏ ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ မြို့နယ်အတွင်းရှိ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အထူးဂရုပြု ဆောင်ရွက်ရေး၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ကြရန်၊ မိမိတို့ ရုံးဌာနများ သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းရေမြောင်းများ ရေစီး‌ရေလာ ကောင်းမွန်စေရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးပြေုာကြားခဲ့ပြီး ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်က ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများအနေဖြင့် ရုံးတိုင်း မိမိတို့ရုံး လုံခြုံရေးအတွက် CCTV တပ်ဆင်ကြစေလိုကြောင်း တပ်ဆင်ထားရှိခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ ပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက မြို့နယ်အတွင်း ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေး ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် ဆေးထိုးပြီးစီးမှု ကျန်ရှိနေမှု အခြေအနေများနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ထားရှိမှုများအား ပြောကြားပြီး ခရိုင်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းများအား ဌာနတစ်ခုချင်းအလိုက် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

တင်သူဇာလှိုင်