ကောလင်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး ရန်ပုံငွေများ ထုတ်ချေးပေး

ကောလင်း သြဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ် ကျောက်ပြင်သာအုပ်စု၊သဲချောင်းကျေးရွာရှိ ကျေးလက် နေပြည်သူများ ကိုဗစ် - ၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် အကောင်အထည်ဖောဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)လုပ်ငန်းအတွက် ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့ ညနေ ၂ နာရီက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

အခမ်းအနားတွင် ကောလင်းမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်း နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်ဝင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်က ကိုဗစ် - ၁၉ကာလအတွင်း ကျေးလက်နေပြည်သူများ စီးပွားရေး ထိခိုက်မှုများ အပေါ် အခက်အခဲမဖြစ်စေရေးအတွက် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုထုတ်ချေးပေးမည့် ရန်ပုံငွေများကို အကျိုးရှိရှိ သုံးစွဲလုပ်ကိုင်ကြ ရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကောလင်းမြို့နယ် သဲချောင်းကျေးရွာတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၅ဦး ၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၀ ဦး ၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၃ ဦး ၊ စုစုပေါင်း အသင်းသားဦးရေ ၈၈ဦးအတွက် စီမံကိန်းရန်ပုံငွေကျပ် သိန်း ၂၉၈ လက်ဝယ်အရောက် ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

အလားတူ ကောလင်းမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နွယ်ဦးနှင့်ဝန်ထမ်းများက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေများအား ယမန်နေ့ နေ့လယ်ပိုင်းက ကျွန်းတောအုပ်စု၊ကန်ပေါက်ကြီးကျေးရွာတွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၀ဦး၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၇ ဦး ၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၅ ဦး ၊ စုစုပေါင်း အသင်းသားဦးရေ ၇၂ဦးအတွက် စီမံကိန်းရန်ပုံငွေကျပ်သိန်း ၂၉၈ ကို လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ကို ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် လုပ်ကွက်ငယ် တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေးစားစီးပွာရေး လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများ ရရှိစေရန်၊ မိသားစုဝင်ငွေ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တိုးပွားရရှိလာသော ရန်ပုံငွေဖြင့် ကျေးရွာမတည်ရန်ပုံငွေများ စဉ်ဆက်မပြတ် ငွေကြေးအရင်းအနှီးများ ရရှိစေရန်နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကောလင်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကို အိမ်ထောင်စု(၅၀)နှင့် (၁၀၀)ကြားတွင် ရှိသော ကျေးရွာ(၁)ရွာတွင် ကျေးရွာမတည်ရန်ပုံငွေကျပ်သိန်း(၂၀၀)ဖြင့် လည်းကောင်း၊ အိမ်ထောင်စု(၁၀၀)နှင့်အထက်ကျေးရွာ (၅)ရွာတွင် ကျေးရွာမတည်ရန်ပုံငွေကျပ်သိန်း (၃၀၀) ဖြင့် လည်းကောင်း စုစုပေါင်းကျေးရွာ(၆)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်ထံမှသိရသည်။

မြင့်ထွန်းမင်း(ပြန်/ဆက်)