ဝန်းသိုမြို့နယ်၌ ကြားကာလ ၆ လ ဘဏ္ဍာရေးနှစ်အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးဆောင်ရွက်

ဝန်းသို စက်တင်ဘာ ၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ ကျေးလက်နေ ပြည်သူများ စွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ်၍  အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု  အခြေခံ၊ အဆင့်မြှင့် စက်ချုပ်သင်တန်းများကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဦးစီးမှူးထံမှ သိရသည်။

"ကျနော်တို့မြို့နယ်အတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်တဲ့ကျေးရွာတွေက ကျေးရွာပြည်သူများ အနေနဲ့ သင်တန်းများဖွင့်လှစ်ပေးဖို့ တောင်းဆိုထားတာတွေရယ်၊ ယခင်နှစ်တွေက အသက်မွေးဝမ်းကျောင်းသင် တန်းတက်ရောက်ခဲ့ကြတဲ့ သင်တန်းသား၊ သင်တန်းသူတွေရဲ့ အကြံပြုချက်တွေရယ် အဓိကထားပြီးတော့ အကောင်အထည်ဖော် ပေးတာဖြစ်ပါတယ်၊ နောက်ပြီး ကျနော်တို့ဒေသမှာက လယ်ယာလုပ်၊ ကောက်စိုက်၊ ပျိုးနုတ်၊ စပါးရိတ်သိမ်းချိန်ပြီးရင် အလုပ်အကိုင်မရှိကြတော့ဘူး၊ အဲဒီတော့ အသက်မွေးဝမ်းကျောင်း ဘာသာရပ်တွေ ကိုသင်ပေးပြီး မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေရ လုပ်ငန်းများ လုပ်ကိုင်နိုင်အောင် ယခုလို သင်တန်းများဖွင့်လှစ် ပေးရခြင်းဖြစ်ပါတယ် "ဟု မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

ဝန်းသိုမြို့နယ်တွင် ယခုလာမည့်ကြားကာလ ()လဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝမြှင့်မားလာစေရေး အသက်မွေးဝမ်းကျောင်း သင်တန်းအဖြစ် အခြေခံ စက်ချုပ်သင်တန်း တစ်ခု၊ အဆင့်မြှင့်စက်ချုပ်သင်တန်း နှစ်ခုတို့ကို ဖွင့်လှစ်ပေးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဘတ်ဂျက်ရေးဆွဲတင်ပြထားရှိကြောင်း သိရသည်။

ကျော်မြိုင်