လက်ပံတန်းမြို့နယ်အတွင်း ကိုဗစ်တွေ့ရှိပြီး ဆေးဝါးကုသဆဲ ကိုဗစ်လူနာ(၈၅)ဦးရှိ

လက်ပံတန်း စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌဦးဘုန်းလှိုင်၏ လမ်းညွှန်မှုအရ မြို့နယ်အတွင်း ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းပပျောက် စေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်း၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ပြည်သူများအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး အခမဲ့စစ်ဆေးပေးခြင်း၊ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင် ကိုဗစ်-၁၉ရောဂါပိုး အခမဲ့စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ၃၁၁ဦးအား စစ်ဆေးပေးခဲ့ရာ ပိုးတွေ့ရှိသူ(၈)ဦး ရှိကြောင်း သိရသည်။ လက်ပံတန်းမြို့နယ်တွင် ဇွန်လ ၇ရက်နေ့မှစ၍ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ယမန်နေ့အထိ ပိုးတွေ့စုစုပေါင်း-၃၈၇၆ဦး၊ ဆေးရုံဆင်းခွင့်ရသူပေါင်း-၃၆၉၁ဦး၊ သေဆုံးသူပေါင်း-၁၀၀ဦးရှိပြီး ဆေးဝါးကုသဆဲ ကိုဗစ်လူနာ(၈၅) ဦးရှိကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်အတွင်း ဆေးကုသမှုခံယူဆဲ ကိုဗစ်-၁၉ လူနာ(၈၅)ဦးအား လက်ပံတန်းပြည်သူ့ဆေးရုံ၊ ဇီးဖြူကုန်းတိုက်နယ်ဆေးရုံ၊ သာရဝေါတိုက်နယ်ဆေးရုံ၊ ခမုံတိုက်နယ်ဆေးရုံ၊ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (GTI) ကုသရေးစင်တာ၊ အ.ထ.က- ခမုံဆိပ် ၊ အ.ထ.က -သာရဝေါ၊ အ.ထ.က-ဇီးဖြူကုန်း တို့တွင် အသွားအလာ ကန့်သတ်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ဝင့်နန္ဒာဌေး