ငါးသိုင်းချောင်း စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အတွင်းရှိ မျိုးသန့်စပါးစိုက်ပျိုးမှု စနစ်တကျရှိရေးနှင့် အထွက်နှုန်း ကောင်းစေရေးအတွက် ရည်ရွယ်၍ မျိုးစေ့ထုတ်တောင်သူများ (၂၀)ဦးထံသို့ ဓာတ်မြေဩဇာ အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို မြို့စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရေကြည်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက ယခုလိုပြုလုပ်ရခြင်းမှာ စပါးစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးသန့်စပါး အထွက်နှုန်း ကောင်းစေရန်အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ညွှန်ကြားချက်အရ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးဆောင်မှု၊ ရေကြည်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မြို့စိုက်ပျိုးရေးဦးစီးမှူးက မျိုးစေ့ထုတ်လုပ်ငန်းအကြောင်း ရှင်းလင်း ပြောကြားပြီး မျိုးစေ့ထုတ်တောင်သူ(၂၀)ဦး၏ စိုက်ပျိုးဧက(၅၅)ဧကတွင် ကြဲပတ်အသုံးပြု နိုင်ရန် ဓာတ်မြေဩဇာများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမျိုးနွယ်၊ မြို့စိုက်ပျိုးရေးဦးစီးမှုး ဒေါ်အေးအေးကျော်နှင့်ဝန်ထမ်းများ မြို့အဆင့်ဌာနဆိုင်ရာ များနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝတီလွင်(ပြန်/ဆက်)