ခင်ဦးမြို့နယ်၌ ရေဘေးကြောင့် နေအိမ်ပြိုကျသွားသော အိမ်ထောင်စု(၂) စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်

 

ခင်ဦး ၊ စက်တင်ဘာ ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ပြိုကျ သွားသော ကျီးကန်ကျေးရွာမှ အိမ်ထောင်စု (၂) စုအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို စက်တင်ဘာလ ၂၂ နက် ညနေ ၃ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းတွင် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နေအိမ်ပြိုကျသွားသော အိမ်ထောင်စု (၂) စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သိန်းနှုန်း၊ လူ (၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ တစ်ဦးလျှင် ငွေကျပ် (၂၁၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၆၈၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

 

ဆက်လက်ပြီး ရေဘေးကြောင့် ပြောင်းရွှေ့ခဲ့ရသော ရှင်မင်းဒွေကျေးရွာမှ အိမ်ထောင်စု (၇၆) စု၊ လူဦးရေ (၂၇၅) ဦးအတွက် ဆန်ရိက္ခာဖိုး တစ်ဦးလျှင် ငွေကျပ် (၂၁၀၀) နှုန်းဖြင့် (၇) ရက်စာ စုစုပေါင်း ငွေကျပ် (၅၇၇၅၀၀) ကို ဆက်လက် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ချောစု ထံက သိရသည်။

 

စိုးဝေအောင်(ခင်ဦး)