ဖောင်းပြင် စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် ယခုနှစ် ဇွန်လ ပထမအပတ်မှစတင်ပြီး မိုးရွာသွန်းမှု အား ကောင်းခဲ့သည့်အတွက် ပင်လည်ဘူးမြို့၊ ဖောင်းပြင်မြို့နှင့် နောင်ပိုအောင်ကျေးရွာတစ်လျှောက် အဝေးပြေး လမ်းများ ပျက်စီးခဲ့သည့်အတွက် အဝေးပြေးခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ သွားလာရေး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း အဝေးပြေးကားမောင်းနှင်သူများထံမှ သိရသည်။
ထိုသို့လမ်းများပျက်စီးခဲ့ရာ ပင်လည်ဘူးမြို့နှင့် ဖောင်းပြင်မြို့ကြားတွင် ၁နေရာ၊ ဖောင်းပြင်မြို့နှင့် နတ် နန်းကျေးရွာကြားတွင် ၄နေရာ၊ နတ်နန်းကျေးရွာနှင့် နောင်ပိုအောင်ကျေးရွာကြားတွင် ၄နေရာ ရွှံံ့ဗွက်များ ဖြစ်ပေါ်ပြီး ကားများမှာ ဗွက်နစ်ခြင်း၊ လမ်းချော်ခြင်းကြောင့် ကားများဖြတ်သန်းသွားလာရန် အခက်အခဲ များဖြစ်ပေါ်နေကြောင်းသိရသည်။
အခက်အခဲများဖြစ်ပေါ်နေမှုနှင့်ပတ်သက်၍ “ ဗွက်တန်းတွေဖြတ်ကျော်လို့ရအောင် ထွန်စက်ကြီးတွေ၊ ဆင်တွေနဲ့ ဆွဲရပါတယ်။ အဲ့ဒီလိုဆွဲရင် ကုန်ကားတစ်စီးကို သုံးသောင်းကနေ လေးသောင်း၊ လူစီးလိုင်း ကားတွေကတော့ တစ်သောင်းကနေ နှစ်သောင်းအထိပေးရတယ်။ ဗွက်တန်းတစ်နေရာကိုဖြတ်ကျော်ဖို့ အဲ့လောက်ကိုပေးနေရ ပါတယ်။ လမ်းကောင်းစဥ်က မုံရွာမြို့နဲ့ ဖောင်းပြင်မြို့ကို လူစီးသီးသန့်ကားဆို တစ်ညအိပ်နဲ့ရောက်ပြီး ကုန်ကားဆို သုံးညအိပ်ဆိုရောက်တယ်ဗျ။ ခုလိုလမ်းမကောင်းတော့ လူစီးသီးသန့် ကားတောင် ၃ညလောက် အိပ်နေရတယ်။ ကုန်ကားကတော့ လေးည ငါးညအိပ်ကြာတယ်ဗျ။ အချိန်လည်း ကုန်ကားအဆီလည်းကုန်၊ ငွေလည်းကုန်တော့ တွက်ခြေမကိုက်ဘူးဗျ။” ဟု ကားမောင်းသူတစ်ဦးက ပြောသည်။
အဆိုပါ လမ်းများပျက်စီးနေခြင်းကြောင့် ဖောင်းပြင်မြို့နယ်မှာ ကျန်းမာရေးဆိုင်ရာ ဆေးဝါးများအချိန်မီ မရောက် ရှိခြင်း၊ အောက်ဆီဂျင်ဖြည့်သွင်းမှာယူထားသည့် အောက်ဆီဂျင်ဗူးများ အချိန်မီမရောက်ရှိခြင်း၊ ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်းများ ဖြစ်ပေါ်နေကြောင်း မြို့နယ်ပြည်သူ့ဆေးရုံ၌ ပရဟိတလုပ်ကိုင်နေ သူ ဦးမျိုးထံမှသိရသည်။
ကိုထွန်း(ဖောင်းပြင်)