ရမ်းဗြဲ ၊ စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အသက်(၅၅)နှစ် အထက်ပြည်သူများနှင့် ဦးစားပေးအုပ်စုတွင်ပါသော ပြည်သူများကို ဒုတိယအသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က ရမ်းဗြဲမြို့ပေါ်ရှိ အ.ထ.က၊ပုလုပ်တောင်ကျောင်းစုရပ်နှင့် ကျေးရွာအုပ်စုများရှိ ကျေးလက်ကျန်းမာရေး ဌာနများနှင့် တိုက်နယ်ဆေးရုံများတွင် စုရပ်(၁၀)ခု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို ဒုတိယအသုတ်၊ ပထမအကြိမ်အဖြစ်ထိုးနှံနိုင်ရန်အတွက် Sinopharm ဆေး(၁၀၅၈)လုံးရရှိပြီး ဆေးတစ်လုံးလျှင် (၅) ဦးနှုန်းဖြင့် သတ်မှတ်စုရပ်များတွင် အသက် (၅၅) နှစ်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုတွင်ပါဝင်သောပြည်သူများကို ယနေ့မှစတင်ပြီး စက်တင်ဘာ ၂၃ ရက် နေ့ထိ တစ်ပြိုင်နက်တည်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒုတိယအသုတ်၊ ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာကြသူ များကို ရပ်ကွက်ကျေးရွာအုပ်စုများတွင်တာဝန်ထမ်းဆောင်နေကြသော စာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ပရဟိတများမှလိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရမ်းဗြဲမြို့ပေါ်ရှိ အ.ထ.က၊ ပုလုပ်တောင်စုတွင်လည်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၏ ညွှန်ကြားမှုများကို ထွေ/အုပ်စာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ မှ လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်ပူချိန်တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အောင်နိုင် (ပြန်/ဆက်)