ပခုက္ကူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမမြောက်နေ့ ဆက်လက်ထိုးနှံလျက်ရှိ

ပခုက္ကူ စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို သတ္တမမြောက်နေ့ အဖြစ် ယနေ့ နံနက် ၉ နာရီက ပခုက္ကူမြို့ ထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနတွင် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ခြင်းတို့ကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်လျက်သည်။

ပခုက္ကူမြို့နယ်အတွင်း စက်တင်ဘာ ၁၆ ရက်မှ စက်တင်ဘာ ၂၁ ရက်နေ့အထိ အသက် ၅၅ နှစ်အထက်နှင့် ဦးစားပေးအုပ်စုဝင် ပြည်သူများ ၄၆၃၅ ဦးကို ဒုတိယသုတ်(ပထမအကြိမ်) ထိုးနှံပြီးစီးကြောင်း ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှသိရသည်။

ပခုက္ကူမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ စာရင်းအရ ဇွန်လ၂၃ ရက်နေ့မှ စက်တင်ဘာ ၂၁ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ (၁၃၃၉)ဦး သေဆုံးသူ(၁၂၆)ဦးရှိပြီ  ဖြစ်ကြောင်း သိရသည်။

ဟိန်းသူ(ပြန်/ဆက်)