ပန်းတနော်၌ မြို့နယ်အမျိုးသမီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ပန်းတနော်  စက်တင်ဘာ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အမျိုးသမီး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က မြို့နယ်အမျိုးသမီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သီတာထွေးက မြို့နယ်အမျိုး သမီးကော်မတီ အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကျင်းပခြင်း၊ အမျိုးသမီးများမှ ၎င်းတို့၏အခွင့်အရေး များပိုမိုသိရှိနိုင်ရန်အကောင်အထည် ဖော်ဆောင်ရွက်ပေးခြင်း၊ ကျူးလွန်ခံရသောအမျိုးသမီးများအား မလိုလားအပ်ဘဲ ကိုယ်ဝန် ဆောင်ခဲ့ရသူများအား လူမှုဝန်ထမ်းဦးစီးဌာနမှ တရားရင်ဆိုင်စရိတ်နှင့် ကလေးမီးဖွားစရိတ်ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပန်းတနော်မြို့နယ်အတွင်း အမျိုးသမီးကိစ္စရပ်များကို မြို့နယ်အမျိုးသမီးကော်မတီဝင်များနှင့် ရပ်ရွာစေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပါက အမျိုးသမီးများ၏အခွင့်အရေးများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တက်ရောက်လာကြသည့် အမျိုးသမီးကော်မတီအဖွဲ့ဝင် အသီးသီးမှ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)