မြိတ် စက်တင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်ကို ဦးစား ပေးအစီအစဉ်အလိုက် ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် သတ်မှတ်နေရာများ၌ ပထမအကြိမ်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးများ ယမန်နေ့က ထပ်မံရောက်ရှိလာ၍ လူဦးရေ(၁၂၅၆၅)ဦးအား ဆက်လက် ထိုးနှံပေးလျက်ရှိပြီး စက်တင် ဘာလ(၂၁)ရက်နေ့အထိ (၇၉၇၀)ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်ကို ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးရာတွင် ပထမအသုတ် ထိုးစဉ်က ဆေးလိုအပ်ချက်အရ ကျန်ရှိတဲ့သူများ၊ လူထုနှင့် ထိတွေ့နေသည့်သူများကို စက်တင်ဘာ လ(၁၇)ရက်မှ စတင်ကာ ဒုတိယအသုတ် ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေး လျက်ရှိရာ ယနေ့တွင် ရေလုပ်သားများ၊ စက်ရုံ အလုပ်ရုံဝန်ထမ်းများအား ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်ရောဂါကာကွယ်ဆေးကို ဒုတိယသုတ် ဦးစားပေးအစီအစဉ်ဖြင့် အသက်(၅၅)မှ(၆၄) နှစ်အထိ၊ သာသနာ့ ဝန်ထမ်းများ၊ မသန်စွမ်းများ၊ ပရဟိတဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး ဝန်ထမ်းများ၊ အစားအသောက်ဝန်ဆောင်မှု လုပ်ငန်းများမှဝန်ထမ်းများ၊ စာသောက်ဆိုင်/လက်ဘက်ရည်ဆိုင်များမှ ဝန်ထမ်းများ စသည်တို့ကို သတ်မှတ်ရက်များတွင် ဆေးထိုးနေရာများဖြစ်သည့် ပုလဲရတနာခန်းမတွင် ဆေးထိုး အဖွဲ့(၂)ဖွဲ့၊ သားဖွားသင်တန်းကျောင်းတွင် ဆေးထိုးအဖွဲ့(၂)ဖွဲ့နှင့် ခရိုင်အားကစားခန်းမတို့တွင် ဆေးထိုးအဖွဲ့ (၁)ဖွဲ့ တို့ဖြင့် ထိုးနှံပေး လျက်ရှိရာ လူဦးရေစုစုပေါင်း(၇၉၇၀)ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကိုဗစ်ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်ကို ယခင်ဆေးထိုးသည့် ပုံစံအတိုင်း ဦးစားပေး အစီအစဉ်အလိုက် ဆေးထိုးရမည့်သူများကို သတ်မှတ်ရက် အလိုက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကို လိုက်လံ အသိပေး အကြောင်းကြားပေးလျက်ရှိပြီး ကိုဗစ်ရောဂါကာကွယ်ဆေးများ ထိုးပေးရာတွင် ပရဟိတအဖွဲ့ များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး (မြိတ်)