မင်းလှ စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီများ ပူးပေါင်း၍ ပြည်သူ့ဆေးရုံဝန်း အတွင်း၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက် နေသည့် အဆောက်အဦးအတွင်းကို ယနေ့ နံနက်ပိုင်းက တစ်ရက်လျှင် (၄၀) လီတာအိုး(၁၅၀) အိုး အထက်ရရှိမည့် အောက်ဆီဂျင် စက်ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးပို့ခဲ့ခြင်းဖြစ်ပြီး ထရန်စဖော်မာ 200 kw တပ်ဆင်ရန်အတွက် သိန်း(၂၀၀)ကျပ်ကိုလည်း ထောက်ပံ့ပေးကြောင်း၊ အောက်ဆီဂျင်စက်သည် တစ်နာရီလျှင် (၄၀) လီတာအိုး (၁၀)အိုးရရှိပြီး တစ်ရက်လျှင် (၄၀)လီတာအိုး (၁၅၀)အိုးအထက် ရရှိမည်ဖြစ်ပြီး၊ ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များ လာရောက် တပ်ဆင်ပြီးပါက အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောက်ဆီဂျင်စက်ရုံ အဆောက်အဦးကို မြို့နယ်စေတနာရှင်ပြည်သူများ လှူဒါန်းငွေဖြင့် အလျား ၄၀ပေ၊ အနံ ၃၀ပေ၊ အမြင့် ၁၅ ပေခန့် (Steel Structure) အမျိုးအစား တည်ဆောက်လျက်ရှိရာ ယနေ့ထိ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးပါက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာများ၊ ပြည်သူ့ဆေးရုံနှင့် အခြားနာမကျန်းလူနာများအတွက် လိုအပ်သော အောက်ဆီဂျင်အား အဆင်ပြေချောမွေ့စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်းနှင့် အခြားအနီးဝန်းကျင်မြို့နယ်များမှ ပြည်သူများအတွက် လိုအပ်သော အောက်ဆီဂျင်အား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ပေါက်စ မင်းလှ