သရက် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ (၉၀၅၀)ဦးအား ပထမအကြိမ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ပြီး ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမနှင့် ကျေးရွာအုပ်စုများတွင် ယနေ့ နံနက် ၉ နာရီက သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ စနစ်တကျ ထိုးနှံပေးလျက် ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးသည့် စုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
သရက်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၉၀၀ လုံး ရရှိထားပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးနိုင်သည့်အတွက် လူဦးရေ ၉၅၀၀ ဦးကို ကာကွယ်ဆေးများထိုးနှံ ပေးနိုင်မည် ဖြစ်ကြောင်း၊ စက်တင်ဘာ ၁၇ ရက်မှ စက်တင်ဘာ ၂၁ ရက်နေ့အထိ မြို့နယ်အတွင်းမှ လူဦးရေ (၉၀၅၀)ဦးအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)