ပခုက္ကူ စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုရွာသစ်ကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီက အိမ်ခြေ (၁၇)လုံး ယာယီရွှေ့ပြောင်းထားကြောင်း ဒေသခံပြည်သူများထံက သိရသည်။
အဆိုပါ ကျွန်းညိုရွာသစ်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားကာ မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်း နံဘေးရှိ အိမ်ခြေ(၁၇)လုံးနှင့် ကျွဲ၊ နွား တိရိစ္ဆာန်များ ခေတ္တယာယီရွှေ့ပြောင်းထားပြီး လူဦးရေ(၆၇)ဦးမှာ မိမိနီးစပ်ရာ ဆွေမျိုးနေအိမ်တွင်သာ မှီခိုနေထိုင်ကြရကြောင်း၊ ကျေးရွာတွင် အိမ်ခြေ(၁၈၀)အိမ်၊ အိမ်ထောင်စု (၁၉၂)စုနှင့် လူဦးရေ(၈၀၀)ဦးရှိကြောင်း သိရသည်။
မြစ်ကမ်းပါးပြိုကျရာသို့ ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေနှင့် ဝန်ထမ်းများ၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင် ခရိုင်ပြန်/ဆက် ဦးစီးမှူး ဦးဇော်ဌေးအောင်နှင့် မြို့နယ်အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေး အသင်းဥက္ကဋ္ဌ ဦးရဲထွဋ်တို့က သွားရောက်ကွင်းဆင်း ကြည့်ရှုကြပြီး ယာယီရွှေ့ပြောင်း အိမ်ခြေ အရေအတွက်၊ အိမ်အမျိုးအစားနှင့် လူဦးရေစာရင်းများကို စနစ်တကျ စာရင်းပြုစုပေးပို့ရေး၊ ဧရာဝတီမြစ်ရေ ဆက်လက် တိုက်စားနိုင်သည့် အခြေအနေတို့ကြောင့် ဘေးကင်းလုံခြုံသည့် နေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန်နှင့် အချက်အလက်များကို ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ အမြန်ဆုံးသတင်းပို့ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်းမှာကြားကြသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ယာယီရွှေ့ပြောင်းရသည့် လူနေအိမ်များနှင့် မိသားစုဝင်များအတွက် အမြန်ဆုံးကူညီ ထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)