အိမ်မဲမြို့နယ် ရေသိုးညောင်ဝိုင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

အိမ်မဲ စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ရေသိုးညောင်ဝိုင်းကျေးရွာ အောင်သိပ္ပံလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများက ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု ရေသိုးကျေးရွာ၊ ညောင်ဝိုင်းကျေးရွာ၊ သာယာကုန်းကျေးရွာအပါအဝင် ကျေးရွာခွဲ (၁၂)ရွာမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်း (၃၆)ခု၊ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်(၆)ကတ်၊ အသက် (၁၈)နှစ်ပြည့် (၃၂)ကတ်၊ လဲလှယ်(၂၀)ကတ်၊ မိတ္ထူ (၂၇)ကတ် စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် (၈၅)ကတ်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ကျေးရွာအုပ်စု (၉၇) အုပ်စု၊ ကျေးရွာခွဲပေါင်း(၅၀၅) ရွာမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ၂၀၂၁ ခုနှစ်မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ဌာနအနေနဲ့ ပန်းခင်းစီမံချက်နဲ့အညီ နိုင်ငံသားတစ်ဦးရဲ့ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနဲ့ လူမှုစီးပွားဘဝ ပြည်စုံမှုရှိစေရေးတို့အတွက် သတ်မှတ်ချက်နဲ့အညီ ကိုက်ညီသူများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးရုံးမှာ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသလို ကျေးရွာအုပ်စုများမှာလည်း အဖွဲ့(၂)ဖွဲ့ခွဲကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း" မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ (လဝက)ဦးစီးမှူး ဦးအောင်နိုင်ဦး ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ်