ကျုံပျော်တွင် အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် မသန်စွမ်းသူများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ‌ပေးလျက်ရှိ

ကျုံပျော် စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက် မပြတ် ထိုးနှံပေးလျက်ရှိရာ၊ စက်တင်ဘာ ၂၀ ရက်နေ့က အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများအပြင် မသန်စွမ်းသူများကိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခုတစ်ကြိမ် ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးလာရောက်သူ ပိုမိုများပြားပြီး မသန်စွမ်းသူ အများစုပါ လာရောက်ထိုးနှံလျက်ရှိကြောင်း၊  လူဦးရေထူထပ်သော မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်မှ အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများကို  အောင်ဆန်းရပ်ကွက်ရှိ ဧရာမင်းခန်းမ၌ ထိုးနှံပေး လျက်ရှိပြီး၊ နံနက် ၉ နာရီမှ ၁၂ အထိ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် မြို့နယ်အတွင်းရှိ မြို့မတိုက်နယ်၊ အထောင်တိုက်နယ်၊ ရေစခန်းတိုက်နယ်၊ အင်းရဲတိုက်နယ်၊ ဒိုက်ပျက် တိုက်နယ် စသည့်တိုက်နယ် (၅)ခုလုံးတွင်လည်း သက်ဆိုင်ရာ ဆေးထိုးစုရပ် အသီးသီးတွင် ကာကွယ် ဆေးများကို တစ်ပြိုင်နက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆေးထိုးနှံမှု စနစ်တကျရှိစေရန်အတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက်‌ပေးလျက်ရှိကြောင်း၊ ကျုံပျော် တွင် ယခင်ရက်များကလည်း အသက်(၆၅)နှစ်နှင့်အထက် ရဟန်းသံဃာ၊ ဘိုးဘွားနှင့် ပြည်သူ (၁၄၆၀၀) ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပြီးစီးထားပြီးဖြစ်ကြောင်း သိရသည်။