ကန့်ဘလူ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူများအား ဦးတည်အုပ်စုများအလိုက် ဦးစားပေး၍ စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင် ကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှသိရသည်။
အဆိုပါ ဦးစားပေး ထိုးနှံမည့် ဦးတည်အုပ်စုများမှာ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသော အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ ၊ အသက် ၅၅ နှစ်မှ ၆၄ နှစ် အုပ်စုများ ၊ မသန်စွမ်းသူများ ၊ ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီစခန်းများ ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ ၊ အသက် ၄၅ နှစ်မှ ၅၄ နှစ်အုပ်စုများ ၊ အသက် ၄၀ နှစ်မှ ၄၄ နှစ်အုပ်စုများ စသည့်အုပ်စုများ ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ကာကွယ်ဆေးမထိုးနှံရသေး သည့် ပြည်သူ ၁၄၆၄၉၉၅ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သတ်မှတ်အုပ်စုများအလိုက် ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလအတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)