မအီ စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးတည်အုပ်စုများတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန်စုရပ်ဖြစ်သည့် မအီမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီထိ ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာနေရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် မြို့မိမြို့ဖများ၊ လက်ထောက် မီးသတ်ဦးစီးမှူး ဦးစောကျော်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ပြည်သူများ အဆင်ပြေစေရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းရေးသွင်းပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်းချိန်တိုင်းခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးမှ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်၊ ဂျီဖြူတောင်ကျေးရွာအုပ်စုမှ ကုန်ဘောင် ကျေးရွာနှင့် စံတွေးကျေးရွာ၊ သဒွန်ကျေးရွာအုပ်စုမှ ကုပွေကျေးရွာ၊ မြောင်းတောင်ကျေးရွာ၊ ဒီးဒုတ်ကိုင်း ကျေးရွာတို့မှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးတည်အုပ်စုများတွင် ပါဝင်သော ပြည်သူ(၂၂၀)ဦးအား ဆေးတစ်လုံးလျင်(၅)ဦးနှုန်းဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) အမျိုးအစား(၄၄)လုံးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သိန်းထွန်းအောင်