မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အမှတ်စဉ် (၃၁/၂၀၂၁) အစည်းအဝေး တက်ရောက်

မကွေး စက်တင်ဘာ  ၂၂

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃၁/၂၀၂၁)ကို ယမန်နေ့ နံနက် ၉ နာရီ က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများကြောင့် ပိုးတွေ့မှုရာခိုင်နှုန်း ကျဆင်းလာတာကို တွေ့ရကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ လျော့နည်းလာပြီ ဖြစ်သော်လည်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ကျေးရွာများအလိုက် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ရွေ့လျားမိုဘိုင်းယာဉ်များဖြင့် RDT Test Kit စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းများအား အရှိအဟုန်မပျက် ပိုမိုဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်ရာမှာ လျင်မြန်စွာ ပြီးမြောက်အောင် ဆောင်ရွက်ပေးဖို့၊ ပြည်သူများ  အဆင်ပြေချောမွေ့စွာဖြင့် ကျန်ရှိမှုမရှိ ထိုးနှံနိုင်ရေး ဆောင်ရွက်ကြဖို့ လိုကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ်အသီသီးမှာလည်း အောက်ဆီဂျင် စက်ရုံများ တည်ဆောက်ခဲ့ပြီး အောက်ဆီဂျင် ထုတ်လုပ်မှုကို မြို့နယ်အချို့မှာ စတင်လည်ပတ် ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်သည့်အတွက်  တိုင်းဒေသကြီးအတွင်းမှ ကိုဗစ်လူနာများရဲ့ အောက်ဆီဂျင် လိုအပ်မှုကို ပြည့်ဝစွာ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို စိတ်ချရသည့် ရာခိုင်နှုန်းအောက် လျော့ကျသွားစေရေး လက်ရှိ လုပ်ကိုင်နေသည့် လုပ်ငန်းများကို လက်မလျော့ဘဲ ဆက်လက်ပြီး အားသွန်ခွန်စိုက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး လုပ်ငန်းများကိုလည်း ဝိုင်းဝန်းပူးပေါင်းကာ ပိုမိုလုပ်ဆောင် သွားကြရမှာ ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များ၊ မကွေး တပ်နယ်မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက် များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာ ဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

မောင်ညီညာ(မကွေး)