မုံရွာ စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဒေသအလိုက် စိုက်ပျိုးသင့်သည့် သီးနှံများ၊ သစ်ပင်များနှင့် မွေးမြူ သင့်သည့် တိရိစ္ဆာန်များဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အဓိကစီးပွားရေးဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံတာ ဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရနှင့် ဌာနဆိုင်ရာများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အထူးအလေးထား အားပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေမြေရာသီဥတုနှင့် မိုးရွာသွန်းမှုအပေါ် မူတည်၍ စိုက်ပျိုး မွေးမြူမှသာ လုပ်ကိုင်သူများအတွက် အကျိုးအမြတ်ရရှိပြီး ဒေသနှင့်တိုင်းဒေသကြီးကိုပါ အကျိုးပြုမှာ ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမူတာဝန်ယူထားသူများက မှန်ကန်သည့် နည်းပေး ညွှန်ပြမှုရှိမှသာ လုပ်ဆောင်မှုအားလုံး ရာနှုန်းပြည့်အောင်မြင်ကာ အကျိုးခံစားရစေ မှာဖြစ်ပါကြောင်း ” ထည့်သွင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး က သီးနှံများစိုက်ပျိုးခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး သစ်တော ဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ဇေယျက သစ်ပင်များ စိုက်ပျိုးမှုဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်ကြွယ်က သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာသန်းနိုင်က တိရိစ္ဆာန်မွေးမြူရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသက်နိုင်က ငါးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း အသီးသီး ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းတို့က ဒေသအလိုက်စိုက်ပျိုးသင့်သည့် သီးနှံများ၊ သစ်ပင်များနှင့် မွေးမြူသင့်သည့် တိရိစ္ဆာန်များဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြချက် များအပေါ် လိုအပ်သည်များကို အကြံပြုဆွေးနွေးကာ ဆွေးနွေးပွဲသို့ တက်ရောက် လာသူများမှ ဒေသအလိုက်စိုက်ပျိုးသင့်သည့် သီးနှံများ၊ သစ်ပင်များနှင့် မွေးမြူသင့်သည့် တိရိစ္ဆာန်များဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေ ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က ဒေသအလိုက်စိုက်ပျိုးသင့်သည့် သီးနှံများ၊ သစ်ပင်များနှင့် မွေးမြူသင့်သည့် တိရိစ္ဆာန်များဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး စစ်ကိုင်းတိုင်းဒေသကြီး၏ သစ်တောဖုံးလွှမ်းမှုမှာ တိုင်းဒေသကြီးမြေဧရိယာ၏ ၂၄.၃၄ % ဖုံးလွှမ်းလျက်ရှိပါကြောင်းနှင့် ယနေ့အထိ စပါး ၁၈ သိန်း ၂ သောင်းကျော်၊ ပဲမျိုးစုံ ၁၂ သိန်းကျော်၊ ဆီထွက်သီးနှံ ၈ သိန်း ၂ သောင်းကျော် စိုက်ပျိုးထားပါကြောင်း၊ မွေးမြူရေးအနေဖြင့် ဥစားကြက်အကောင်ရေ ၁၃ သိန်းကျော်၊ အသားစားကြက်အကောင်ရေ ၂၆ သိန်းကျော်၊ ဒေသ ကြက်အကောင်ရေ ၇၂ သိန်းကျော်နှင့် ဝက်အကောင်ရေ ၂ သိန်း ၈ သောင်းကျော်၊ နွားအကောင်ရေ နှစ်ဆယ်သိန်း လေးသောင်းကျော်၊ ငါးအကောင်ရေ သိန်းတစ်ရာ့ငါးဆယ်ကျော်တို့အား မွေးမြူထားရှိ ပါကြောင်း ပြောကြားကာ နိဂုံးချုပ်စကားပြောကြားပြီး ဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)