မော်လိုက်မြို့နယ်၌ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးခွင့်ရရှိသူများ မကျန်ရှိစေရေး  ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

 

မော်လိုက် စက်တင်ဘာ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ တတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခဲ့ သည့် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာ၌ ဆေးထိုးခွင့်ရရှိသူများ မကျန်ရှိစေရေး အတွက် ယနေ့နံနက်ပိုင်းက မြို့တော်ခန်းမ၊ ကင်းတပ်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းနှင့် ခါဝဲကျေးရွာများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ခရိုင်/မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ထွေ/အုပ်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်မှုဖြင့် ဆေးထိုးစုရပ်ဖြစ်သည့် မြို့တော် ခန်းမနှင့် ကင်းတပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆက်လက်ထိုးနှံပေးခဲ့ကြပြီး ဆေးထိုးစုရပ်သို့ လာရောက်ရန်ခက်ခဲသည့် ခါဝဲကျေးရွာအုပ်စုရှိ ပြည်သူများအတွက် ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများနှင့်အဖွဲ့မှ ကျေးရွာသို့ သွားရောက်ကာ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြသည်။

 

 

မော်လိုက်မြို့နယ်တွင် တတိယအသုတ် ပထမကြိမ် ထိုးနှံပေးခဲ့သည့် သံဃာတော်များနှင့် ပြည်သူစုစုပေါင်း(၃၀၀၀)ဦးတို့အား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမှုကို စက်တင်ဘာလ(၁၄)ရက်နေ့မှ စတင်၍ ဆေးထိုးစုရပ်(၅)ခုတို့တွင် ထိုးနှံပေးခဲ့ရာ ယနေ့အချိန်ထိ သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများ စုစုပေါင်း(၂၇၆၀) ဦးတို့အား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးနိုင်ပြီဖြစ်ပြီး၊ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိမှုများ မဖြစ်ပေါ်စေရေးအတွက်ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

         

မော်လိုက်သားလေး