ညောင်တုန်း စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်၆၀နှစ်မှ ၆၄နှစ်အထိရှိ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နေ့ နံနက် ၉ နာရီအချိန်မှ စ၍ မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ် (၆)ခုတွင် ထိုးနှံပေးလျက်ရှိသည်။
ညောင်တုန်းမြို့နယ်အတွင်း အသက် ၆၀နှစ်မှ ၆၄နှစ်အထိရှိ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တစ်မြို့နယ်လုံးအတွက် ဆေးထိုးစုရပ် (၆) ခုဖြစ်သော ညောင်တုန်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဆားမလောက်အခြေခံပညာ အထက်တန်းကျောင်း၊ ချောင်းကြီးအခြေခံ ပညာ အထက်တန်းကျောင်း၊ မဲဇလီဒလအခြေခံပညာ အထက်တန်းကျောင်း၊ စက္ကော့ အခြေခံပညာအထက်တန်းကျောင်းနှင့် သပြေချောင်း အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆေးထိုးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး နံနက်၉နာရီမှ ညနေ ၃နာရီအထိ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြီးကြပ် ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ညောင်တုန်းမြို့နယ်တွင် အသက်၆၀နှစ်မှ ၆၄နှစ်အထိ ပြည်သူများအတွက် ဆေးထိုးစုရပ်(၆)ခုတွင် စက်တင်ဘာလ ၂၁ရက်နေ့မှ ၂၄ရက်နေ့အထိ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။