ပခုက္ကူ စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းက မိုးသီးနှံစိုက်တောင်သူများအား ၂၀၂၁ခုနှစ်၊မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉စည်းကမ်းချက် များနှင့်အညီ ပခုက္ကူခရိုင်ဘဏ်ခွဲ မှ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာ၂၁ရက်နေ့ထိ ကျေးရွာအုပ်စု(၁၄)အုပ်စု၊ တောင်သူဦးရေ(၈၆၁)ဦး ၏ မိုးစပါး စိုက်ဧက(၅၄၁)နှင့် အခြားသီးနှံစိုက်ဧက (၅၆၅၉)တို့အတွက် ထုတ်ချေးငွေကျပ်(၆၄၇)သန်းကျော် ထုတ်ချေးပေးပြီး ဖြစ်ကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေပြေကျေသည့် တောင်သူများအား ၂၀၂၁ခုနှစ်၊မိုးစိုက်ပျိုးစရိတ်ဘဏ် ချေးငွေများကို ဆက်လက်ထုတ်ချေးပေးခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၁ရက်နေ့အထိ မိုးစပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲ နှင့်အခြားသီးနှံတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းတို့ဖြင့် ကျေးရွာအုပ်စု(၁၄)အုပ်စု၊ တောင်သူဦးရေ (၈၆၁)ဦး၏ မိုးစပါး စိုက်ဧက (၅၄၁)နှင့် အခြားသီးနှံစိုက်ဧက (၅၆၅၉)တို့အတွက် ဘဏ်ချေးငွေစုစုပေါင်း(၆၄၇၀၅၀၀၀၀)ကျပ် ထုတ်ချေးပေးပြီး ဖြစ်ကြောင်း၊ ချေးငွေအတိုးနှုန်းမှာ ငွေကျပ်၁၀၀အတွက် တစ်နှစ်လျှင် ငါးရာခိုင်နှုန်းသာဖြစ်ကြောင်း၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း မိုးစပါး(၈၆၀)ဧကနှင့်အခြားသီးနှံ(၁၂၇၅၇)ဧက စိုက်ပျိုးရန်လျာထားကာ တောင်သူများအတွက် ရာသီစိုက်ပျိုး စရိတ်ဘဏ်ချေးငွေပေါင်း (၁၄၀၄၇၀၀၀၀၀)ကျပ်ကိုလည်း သတ်မှတ်ကာလ အတွင်းပြီးစီးအောင် ထုတ်ချေးသွားမည်ဖြစ် ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ ပခုက္ကူခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်သီတာထွန်းက ပြောသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)