ကျွန်းလှမြို့၌ မိုးလုံလေလုံ အားကစားရုံတည်ဆောက်မှု ၇၅ ရာခိုင်နှုန်းပြီးစီး

ကျွန်းလှ စက်တင်ဘာ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးလုံလေလုံ အားကစားရုံ တည်ဆောက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

 

 

မိုးလုံလေလုံ အားကစားရုံကို ၂၀၂၀ - ၂၀၂၁ ခုနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၉၆ ဒသမ ၁ သန်းဖြင့် အလျား ၁၂၀ပေ၊ အနံ ၉၀ ပေ၊ Steel Structure တစ်ထပ် အဆောက်အဦ၊ အလျား ၁၂၀ ပေ၊ အနံ ၆၀ ပေ သစ်သားကြမ်းခင်း အားကစားကွင်း VIP ပွဲကြည့်စဉ်၊ ရိုးရိုးတန်းပွဲကြည့်စဉ်နှင့် အဝတ်လဲခန်းနှစ်ခန်းတို့ကို တင်ဒါအောင် သီဟပိုင် ကုမ္ပဏီမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီက စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ ၇၅ ရာခိုင်နှုန်းပြီးစီး၍ ဒီဇင်ဘာလတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်‌နွယ်ထွန်းထံမှ သိရသည်။

 

 အဆိုပါ အားကစားရုံ တည်ဆောက်နေခြင်းကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီ၊ အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူတို့က စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)