နတ်တလင်း စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး မထိုးနှံရသေးသည့် ပြည်သူများကို စက်တင်ဘာ ၂၀ရက် နေ့လည် ၁နာရီက ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ကို စုရပ် (၁၀)နေရာ၌ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို နတ်တလင်းမြို့နယ်တွင် ဒုတိယအသုတ် အဖြစ် စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ ပြည်သူ လူထုများအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးနေခြင်း ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအတွက် နတ်တလင်း မြို့နယ်တွင် စုရပ်(၁၀) နေရာ သတ်မှတ်ကာ သံဃာတော်များ၊ သီလရှင်များ၊ မသန်စွမ်းသူများ၊ အသက် ၅၅ အထက်ရှိသူများနှင့် ပြည်သူများကို ဦးစားပေး သတ်မှတ်ချက် အဆင့်များအလိုက် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သူနာပြု ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ထိုးနှံပေးခဲ့ကြသည်။
နတ်တလင်းမြို့နယ်အတွင်းရှိ စုရပ်နေရာအသီးသီးတွင် ဒုတိယအသုတ် ကာကွယ်ဆေး စတင်ထိုးပေးသည့်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့မှ ယမန်ရက် နေ့အထိ ဒုတိယအသုတ် ပထမအကြိမ်အဖြစ် ပြည်သူ (၇၆၀၀)ဦးကို ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ နတ်တလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆေးထိုးနှံနေသူများအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး