ပွင့်ဖြူမြို့နယ်၌ ပင်စင်အငြိမ်းစားဝန်ထမ်းများကို COVID – 19 ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေး

 

ပွင့်ဖြူ  စက်တင်ဘာ  ၂၁

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲက မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို စက်တင်ဘာ ၂၁ ရက် ၊ ယနေ့ နံနက်ပိုင်းကစတင်ပြီး COVID – 19 ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်အငြိမ်းစားဝန်ထမ်းများက သတ်မှတ်ထားသည့် ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း စိတ်အေးချမ်းသာစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် တစ်မြို့နယ်လုံး ပင်စင်လစာငွေထုတ်ပေးရမည့် ပင်စင်အငြိမ်းစား ဝန်ထမ်း စုစုပေါင်းဦးရေ ၂၀၀၀ ကျော် ရှိကြောင်း သိရပြီး ပင်စင်အငြိမ်းစားဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ ထုတ်ယူ နိုင်ရန်အတွက် ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပင်စင်လစာငွေများ ထုတ်ပေးရာတွင် လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများ လစာထုတ်ရက်မတိုင်မီ (၂၁)ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း အဆိုပါ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

 

မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးရာတွင် COVID – 19 ရောဂါ ကူးစက်မှုအန္တရာယ် ကင်းဝေးစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ တစ်ဦးချင်းစီအား ရုံးအတွင်းမဝင်မီ လက်ဆေးဘေစင်တွင် လက်ဆေးစေခြင်း၊ ပါးစပ်နှာခေါင်း စည်း စနစ်တကျ တပ်ဆင်စေခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ပြီးမှသာ စနစ်တကျ ထုတ်ပေး ခြင်းဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )