ကျွန်းလှ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရမည့်သူများအား စက်တင်ဘာ ၂၀ ရက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များက ကြီးကြပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ပထမအကြိမ်အဖြစ် အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ ၃၉၉၅ ဦးအား ထိုးနှံပေးခဲ့ကြောင်း၊ ဒုတိယအကြိမ်အဖြစ် ယနေ့အထိ ၂၉၀၀ ဦး ထိုးနှံပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေး သွား မည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)