ပြည်ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပေါင်းတည်မြို့နယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပေါင်းတည် စက်တင်ဘာ ၂၁

ပြည်ခရိုင်၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသိန်းအောင်သည် ယမန်နေ့မနက်ပိုင်း အချိန်က အဖွဲ့ဝင်များဖြစ်သော ဒုတိယဗိုလ်မှူးကြီး မြတ်သူကျော်၊ ဒုတိယရဲမှူးကြီး တိုးလှိုင်တို့နှင့် အတူ ပေါင်းတည်မြို့နယ်သို့ ရောက်ရှိခဲ့သည်။

ဥက္ကဋ္ဌနှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ပေါင်းတည်မြို့နယ် လျှပ်စစ်ရုံး၏ မြေနေရာ (ဂရန်လွှဲ) လျှောက်ထားမှု အခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ပေါင်းတည်မြို့ ဝဲကြီးရေလှောင်တမံသို့ ရောက်ရှိခဲ့ပြီး ဝဲကြီးဆည်မှ တာဝန်ရှိသူများက ဆည်နှင့်ပတ်သက်၍ ရေသိုလှောင်ထားရှိမှု အခြေအနေ၊ ဆည်ကြံ့ခိုင်မှု၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်စီမံထားရှိမှု၊ ရေပေးဝေရေး စနစ်တို့ကို ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပေါင်းတည်မြို့ မှတ်တိုင်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ခွဲစိပ်ဆောင် ဆောက်လုပ်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန၏ တင်ဒါအောင် ရွှေလင်းမြေကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေသော မဲခေါင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် နေ့လယ်ပိုင်းအချိန်တွင် ပြည်ခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပေါင်းတည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် တည်ဆောက်လျက် ရှိသော Oxygen စက်ရုံ တည်ဆောက်နေမှု လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်