မအီမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ ရဟန်းသံဃာတော်များအား (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

မအီ  စက်တင်ဘာ ၂၁

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ ရဟန်းသံဃာတော်များအား ကာကွယ်ဆေးထိုးနှံရန်စုရပ်ဖြစ်သည့် မအီမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ စတင် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

 

 

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး မထိုးမီ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ အောက်ဆီဂျင် တိုင်းခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများပြုလုပ်ပြီး ကာကွယ်ဆေး ထိုးနှံပြီး နောက်ပိုင်း မိနစ် ၃၀ ခန့်စောင့်ဆိုင်းနားနေပြီးမှ သွားရောက်ခွင့်ပြု ကြောင်း သိရသည်။

 

 

၎င်း ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် ဌာနဆိုင် ရာများ၊ လက်ထောက် မီးသတ်ဦးစီးမှူး ဦးစောကျော်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း များက ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ပြည်သူများ အဆင်ပြေစေရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ယခင် ကာကွယ် ဆေးထိုးနှံ ရန်ကျန်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရဟန်းသံဃာတော်များ အား  တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး(Sinopharm) အမျိုးအစား(၃၅)လုံးကို ဆေးတစ်လုံး လျင်(၅)ဦးနှုန်းဖြင့် စုစုပေါင်း(၁၇၅)ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

 

မင်းသိန်းထွန်း