ရွှေဘို စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက်တောင်သူများအား စိုက်ပျိုးရေး သွင်းအားစုနှင့် နည်းပညာ သင်တန်းပေးကို ယမန်နေ့နံနက် ၁၀နာရီက ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ရှင်ယွန်းစံခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကြည်ဝင်းမှ စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရေး သိပ္ပံနည်းကျစိုက်နည်းစနစ်များအား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တစ်ကွင်း တစ်စပ်တည်း ဧက(၁၀၀)စံပြကွက်စိုက်ပျိုးလျက်ရှိသော မြင်ချင်းကျေးရွာအုပ်စု ကွင်းအမှတ် (၃၀၃၁) နှင့် (၂၉၆၇)ရှိ တောင်သူ(၂၅)ဦးအား ရွှေကောမက်ကွန်ပေါင်း (၁၀၀)အိတ်၊ ကျောက်မှုန့် (၁၀၀)အိတ်နှင့် ဆီလီကာ (၂၀)အိတ် တို့ကို ဒုတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ ဆက်လက်၍ တောင်သူများ အနေဖြင့် သိပ္ပံနည်းကျစိုက်နည်းစနစ်များကို လိုက်နာကျင့်သုံးခြင်းဖြင့် စပါးအထွက်နှုန်း ပိုမိုထွက်ရှိခြင်းကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်လည်းကောင်း၊ မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေး စသည်တို့ကို စနစ်တကျအချိန်ကိုက် အချိုးကျထည့်သွင်းအသုံးပြုနိုင်စေရန် အတွက်လည်ကောင်း၊ တောင်သူအချင်းချင်း နည်းပညာများဖလှယ်ဆွေးနွေးအသုံးပြုတတ်စေရန်အတွက် လည်ကောင်း ရည်ရွယ်၍ သိပ္ပံနည်းကျ စိုက်နည်းစနစ်(၁၄)ချက်အကြောင်းကို တောင်သူ(၂၅)ဦးအား ကျန်းမာရေးဝန်ကြီးဌာမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ သင်တန်းပို့ချခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်း ထံမှသိရသည်။
အဆိုပါ တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် ရွှေးချယ်ခြင်းနှင့်ပတ်သက်၍ မြေယာပြုပြင်ခြင်း၊ ပျိုးထောင်ခြင်း၊ ကောက်စိုက်ခြင်း၊ အပင်ပြုစုခြင်းလုပ်ငန်းများတွင် ခေတ်မီစက်ကိရိယာများကို အသုံးပြုနိုင်သည့် အခြေအနေတွင်ရှိသော သဖန်းဆိပ်ဆည်ရေသောက် ဧရိယာတွင် ပါဝင်သည့် JICA(AIIP) စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေး စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော မြင်ချင်ကျေးရွာရှိ တောင်သူ(၂၅)ဦး၏ စိုက်ဧက(၁၀၀)တွင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ထိုသို့ သိပ္ပံနည်းကျ စိုက်နည်းစနစ်များကို အသုံးပြုခြင်းဖြင့် တစ်ဧက စပါးအထွက်နှုန်း အမြင့်ဆုံးအထိ ပိုမိုထွက်ရှိနိုင်ကြောင်း တောင်သူများအား ပညာပေးစည်းရုံးရန်အတွက် လည်ကောင်း၊ ၎င်းနည်းစနစ်ကို တောင်သူများပြည့်ပြည့်ဝဝ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် လည်းကောင်း၊ မျိုး၊ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ စသည့် သွင်းအားစုပစ္စည်းများအား အချိုးကျ ၊အချိန်ကိုက် စနစ်တကျ ထည့်သွင်းအသုံးပြုတတ်စေရန် လည်ကောင်း၊ တောင်သူအချင်းချင်း နည်းပညာများဖလှယ် စိုက်ပျိုး လုပ်ကိုင်နိုင်စေရန်အတွက် လည်ကောင်း ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက် ပြောကြားသည်။
ခရိုင်(ပြန်/ဆက်)