ပုဏ္ဏားကျွန်း စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက် မသန်စွမ်းသူများနှင့် အသက်(၅၅) နှစ်အထက်ရှိသူများအား ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ချက်နှင့်အညီ တတိယအသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်အတွင်းရှိ စုရပ်(၆)နေရာတို့၌ စတုတ္ထမြောက်နေ့အဖြစ် ယနေ့၊ နံနက်(၉)နာရီမှစတင်၍ သတ်မှတ် ညွှန်ကြားချက်များနှင့်အညီဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးများမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးလျက်ရှိပြီး၊ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန် ဘုရားကြီး သိမ်တော်၊ ယိုးတရုပ်တိုက်နယ်ဆေးရုံ၊ သဲတက်ကျန်းမာရေးဌာန၊ ကွန်းတောင်ကျန်းမာရေးဌာန၊ အလယ်ချောင်း ကျန်းမာရေးဌာနနှင့် ပိုးရွှီပြင်ကျန်းမာရေးဌာန တို့တွင် စက်တင်ဘာလ(၂၀)ရက်နေ့အထိ၊ တတိယအသုတ်၊ ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးသူ(၁၈၉၅)ဦး ရှိနေကြောင်း မြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်အဖွဲ့ ဝင်များကြီးကြပ်ပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် Volunteer လူမှုရေးအသင်း အဖွဲ့အစည်းတို့က သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေး လျက်ရှိ ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)