စစ်တွေ စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ “ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးစင်တာ” ဆောက်လုပ်ရန် အတွက် မြေနေရာ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ကျားရုပ်ပရိယတ္တိစာ သင်တိုက်၌ကျင်းပသည်။
အခမ်းအနားသို့ မြောက်ဦးဆရာတော် အဂ္ဂမဟာကမ္မာဋ္ဌာနာစရိယ၊ ဘဒ္ဒန္တ ဝါယာမိန္ဒ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရက္ခပူရ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးစင်တာ ဆောက်လုပ်ရန်အတွက် အခွန်လွတ် သာသနာ ဂရမ်လျှောက်ထားသည့် မြေနေရာနှင့်ပတ်သက်သော စာရွက်စာတမ်းများကို ရက္ခပူရ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးစင်တာ ဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံပေးအပ် လှူဒါန်းကြသည်။ ထို့နောက် မြောက်ဦးဆရာတော်ကြီးက ရက္ခပူရ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးစင်တာ တည်ဆောက်ရေးလုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ မိန့်ကြားတော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များကို ဖြည့်စွက်လျှောက်ထား တင်ပြကြသည်။
ရက္ခပူရ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးစင်တာကို စစ်တွေမြို့၊ စက်မှုရပ်ကွက်(ဆတ်ရိုးကျ)တွင် မြောက်ဦးမြို့၊ ရတနာ့မာန်အောင် တောရရိပ်သာ ဆရာတော် အဂ္ဂမဟာကမ္မာဋ္ဌာနာစရိယ၊ ဘဒ္ဒန္တ ဝါယာမိန္ဒဦးစီး၍ တပည့်တကာ၊ တကာမများ၊ စေတနာရှင်အလှူရှင်ပြည်သူများ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါ အဆောက်အဦ ဆောက်လုပ်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ စုစုပေါင်း မြေကွက်(၇)ကွက်၊ မြေဧရိယာ ၂ ဒသမ ၇၇၃ ဧကကို လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)