ဝါးခယ်မ ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ ဝါးခယ်မတံတားကို (၂၀၁၈) ခုနှစ် နိုဝင်ဘာလက အဆင့်မြှင့်တင်တည်ဆောက်ခဲ့ရာ အများပြည်သူသွားလာရ အဆင်ပြေလွယ်ကူစေရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ လမ်းညွှန်ချက်နှင့်အညီ ယနေ့ နံနက် ၆ နာရီကစတင်ကာ အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။
ပန်းတနော် - ရွှေလောင်း -ဝါးခယ်မ - ကျုံမငေးလမ်း မိုင်တိုင် အမှတ် ၃၅ မိုင် ၅ဖာလုံရှိ ဝါးခယ်မတံတားကို အဆင့်မြှင့်တင်တည်ဆောက်ရာတွင် ၉၈%( ရာခိုင်နှုန်း) ပြီးစီးပြီဖြစ်ကြောင်း၊ တံတားအမျိုးအစားမှာ သံကူကွန်ကရစ်တံတား အမျိုးအစား ဖြစ်ကာ အရှည် ၃၀၂၀ ပေ၊ အကျယ် ၃၀.၅ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွား လမ်းအကျယ် တစ်ဖက် ၃ပေစီ၊ ရေကင်းလွတ်အမြင့် ၃၆ ပေ၊ တံတား၏ခံနိုင်ဝန်မှာ HS25 Load Class ဖြစ်ကြောင်း သိရသည်။
" ဒီနေ့မနက် ၆ နာရီကစပြီး သက်ဆိုင်ရာ ခွင့်ပြုချက်တွေနဲ့အညီ အသုံးပြုခွင့် ပေးလိုက်တာဖြစ်ပါတယ်။ အဝေးပြေး ယာဉ်လိုင်းတွေ၊ ကုန်တင်ကားတွေ ခရီးသွားပြည်သူတွေ အတွက် သွားလာမှု အခက်အခဲကနေ လွတ်ပြီလို့ပဲ ဝမ်းသာစကား ပြောလိုပါတယ်။ တစ်ဖက်ကမ်းမှာ ရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေသာမက ခရီးသွား ပြည်သူတွေအတွက်လဲ အရင်လို အချိန်တိုအတွင်း ဖြတ်သန်း သွားလာနိုင်သလို မြို့နယ်အတွက် ကုန်စည်စီးဆင်းမှုလဲ ပုံမှန်လည်ပတ် စီးဆင်းနိုင်ပြီ ဖြစ်ပါတယ် " ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က ပြောသည်။
လွှမ်းသီဟ (ပြန်/ဆက်)