ညောင်လေးပင်မြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦး ထပ်မံတွေ့ရှိပြီး ပိုးတွေ့နှုန်း လျော့နည်းလာပြီဖြစ်

ညောင်လေးပင် စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စစ်ဆေးမှုအရ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာများမှာ ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် သက်ဆိုင်ရာ တိုက်နယ်ဆေးရုံများတွင် အနံ့မရ ဖျားနာသဖြင့် လာရောက်စစ်ဆေး သည့် ပြင်ပလူနာ OPD (၁၄)ဦး၊ ပြည်တွင်းပြန် (၄) ဦး၊  Mobile Swab Van ဖြင့် စစ်ဆေးသူ(၈၁)ဦး  စုစုပေါင်း (၁၀၂)ဦးတို့အား RDT(Test Kid)ဖြင့် စစ်ဆေးရာတွင် ၇ ဦး၌ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ညောင်လေးပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု လျော့နည်းလာပြီဖြစ်ကြောင်း သိရသည်။

ရောဂါပိုး တွေ့ရှိသူများအား သက်ဆိုင်ရာ ကုသရေးစင်တာများသို့ အသီးသီးပို့ဆောင်ထားရှိပြီး ၎င်းတို့နှင့် ထိတွေ့ ဆက်စပ်သူများအား စုံစမ်း၍ Quarantine ထားရှိပြီး Swab နမူနာ ရယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူနိုင်