ချောင်းဦးမြို့တွင် ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ် တတိယနေ့ဆက်လက်ထိုးနှံပေး

ချောင်းဦး  စက်တင်ဘာ   ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊ချောင်းဦးမြို့ အနော်ရထာခန်းမ တွင် ယနေ့နံနက် ၉နာရီ အချိန်မှ စတင်ပြီး ညနေ ၃ နာရီအချိန်အထိ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးသည့် သံဃာတော်များ၊  အသက်၆၅နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အသက်၅၅နှစ်မှ ၆၄နှစ်အတွင်း ပြည်သူများ၊ မသန်စွမ်း သူများ၊ ရွေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ကို ဒုတိယအသုတ် ပထမအကြိမ်အဖြစ် လူဦးရေ ၇၀၀ ဦးအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး( Sinopharm)ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှကြီးကြပ်ပြီး ချောင်းဦးမြို့နယ်ဆေးရုံ ဆရာဝန်နှင့် သူနာပြုများ လာရောက် ကူညီ ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေးမထိုးပေးမီ  အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရေသန့်ဗူး နှင့် ပါးစပ် နှာခေါင်းစည်း Mask များဝေပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ် ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ  ပြုလုပ်ပြီးနောက် ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသည့် သံဃာတော်များ၊  အသက်၆၅နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊  အသက်၅၅နှစ်မှ ၆၄နှစ်အတွင်း ပြည်သူများ၊ မသန်စွမ်းသူများ၊ ရွေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ကာကွယ် ဆေးများ ထိုးနှံ ပေးခဲ့သည်။

 

ချောင်းဦးမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ပထမအသုတ် လူဦးရေ၄၅၀၀ အား ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးရန်အတွက် ဆေးအလုံးရေ ၁၀၀၀၊ လူဦးရေ ၅၀၀၀ စာရရှိထားကြောင်း၊ စက်တင်ဘာ၁၇ ရက်နေ့နံနက်ပိုင်းက စတင်ထိုးနှံပေးခဲ့ပြီး တတိယနေ့ ဆေးထိုးပြီး ချိန်အထိ ပြည်သူဦးရေ ၂၇၅၀ဦး ကျော် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရှိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  ထိုးနှံပေးနေမှု့အား ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌဦးထူးကျော်၊ အဖွဲ့ဝင် ဦးခင်မောင်မြင့်၊ ဦးသန်းထိုက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့် တို့က ကြည့်ရှု့အားပေး ကူညီခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများကပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရှိရပါသည်။

 

ဝင်းမြင့်အောင်