ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်မှုများ ဆောင်ရွက်

ကျောက်ကြီး စက်တင်ဘာ  ၂၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက် (၁၀)နာရီအချိန်တွင် ကျောက်ခဲကြီး ကျေးရွာ၌ အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြပါရန် ၊ သို့မှာသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အိမ်တွင်ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူမိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွါခွါနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်း မပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းများ မပြုလုပ်ကြရန်၊ လေဝင်လေထွက် မကောင်းသောအခန်းများကို ရှောင်ရန်၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများ ဖွင့်ထားပြီး လေဝင်လေထွက်ရှိအောင် လုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်း ဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို အိမ်အပြင်တွင်စွန့်ပစ်ပါ၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများနှင့်ဆီးချို၊နှလုံးသွေးတိုးရောဂါအခံရှိသူများရောဂါကူးစက်ခံရပါက ဝေဒနာ

ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။  

သို့ဖြစ်ပါ၍ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန် ကိုဗစ်ရောဂါကူးစက်ပြန့်ပွါးမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်  တိုက်တွန်းနှိုးဆော်ခြင်း၊ Mask တပ်ဆင်အသုံးပြုရာတွင် လိုက်နာရမည့်အချက်များကို အသိပညာပေး နှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအပေါ် NUG/PDF တို့၏ အကြမ်းဖက်နှောက်ယှက်မှုများအား ပြည်သူသို့ အသိပေး ချက်ကို စကောကရင် တိုင်းရင်းသားဘာသာစကားဖြင့် အသံဖိုင်ဖွင့်လှစ်ပေးခြင်း စသည့် အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်