ဂန့်ဂေါတွင် မိုးအဆက်မပြတ်ရွာသွန်း မြစ်သာမြစ်ရေမြင့်တက်

ဂန့်ဂေါ စက်တင်ဘာ ၂၀

 

ဂန့်ဂေါမြို့နယ်တွင် ယခုတစ်ပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းသည့်အတွက် ဒေသအတွင်း စီးဆင်း သည့် ချောင်းများ၊ တောင်ကျချောင်းများ ရေမြင့်တက်လျက်ရှိသည့်အပြင် ဂန့်ဂေါမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် မြစ်သာမြစ်ရေမှာလည်း မြင့်တက်လျက်ရှိသည်။

 

 ထိုသို့ မြစ်ချောင်းရေများ မြင့်တက်လျက်ရှိရာ ဂန့်ဂေါမြို့နယ် ရွှေဘိုရွာအနီး ဖြတ်သန်းစီးဆင်း သည့် ခင်ရန်းချောင်းရေမြင့်တက်သဖြင့် ယမန်နေ့က ကျေးရွာအနိမ့်ပိုင်းရှိ လူနေအိမ် ၃၅ လုံးသို့ ရေဝင်ရောက်မှုရှိသော်လည်း လူနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ထို့ပြင် ဂန့်ဂေါမြို့နယ် မြင်းဇာရွာနှင့် ကျွဲနန်းကျေးရွာတို့အနီး ထီးလင်း - ဂန့်ဂေါ ကားလမ်း မိုင်တိုင်အမှတ် ၁၀၄/၅ အနီးရှိ တံတားအမှတ် ၄/၁၀၅ အုတ်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ် ကြမ်းခင်းနိမ့်ကျွံသွား၍ လတ်တလောတွင် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်လျက်ရှိပြီး မော်တော်ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ရန် သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 ဂန့်ဂေါမြို့နယ် မြစ်သာရေလှောင်တမံစီမံကိန်းကို တည်ဆောက်လျက်ရှိရာ အဆိုပါစီမံကိန်းမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိပြီး ၂၀၁၅ ခုနှစ်မှ ရေကြီးမြင့်တက်ခြင်းမရှိခဲ့ရာ ယခုနှစ် မြစ်သာမြစ်ရေမြင့်တက်ခြင်းမှာ အများဆုံးဖြစ်ကြောင်းနှင့် မြစ်သာတမံအခြေအနေမှာ ယခင်နှစ်များက ကဲ့သို့ပင် ရေကျော်မှု ၂ ပေခွဲသာရှိပြီး မြစ်သာမြစ်၏ မြစ်လက်တက်များဖြစ်သည့် မောချောင်း၊ စက်နှီးချောင်း၊ လောင်ထောင်ချောင်းတို့ ရေမြင့်တက်လာမှုများကြောင့် မြစ်သာမြစ်အောက်ပိုင်း၌ ရေမြင့်တက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အတူ ခင်ရန်းချောင်းတွင် တမံတည်ဆောက်သည့် တောင်ခင်ရန်းရေလှောင်တမံမှ ယခုလ တတိယပတ်ရောက်မှသာ ရေကျော်မှုဖြစ်ခဲ့ကြောင်းနှင့် ဂန့်ဂေါတွင် မိုးဆက်လက်ရွာသွန်းလျက် ရှိကြောင်း သိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)