ရန်ကုန် သြဂုတ် ၁၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများအလှကုန်များ အသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကုန်ပစ္စည်းများ၏ သတ်မှတ်အရည်အသွေး ပြည့်မီမှု ရှိ/မရှိ၊ သုံးစွဲရန် သင့်/မသင့်တို့ကို ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ၏ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက ယုဇနပလာဇာစျေးအတွင်းရှိ အလှကုန် ရောင်းချနေသည့် ဆိုင်များတွင် ကွင်းဆင်းစစ်ဆေး ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် စျေးအတွင်းရောင်းချလျက်ရှိသည့် အလှကုန်များတွင် FDA မှ တားမြစ်ထားသော ကုန်ပစ္စည်းများ၊ သုံးစွဲရန်မသင့်တော်သော အလှကုန်များကို စစ်ဆေးခဲ့ကြပြီး တားမြစ်ဓာတုပစ္စည်းများ ပါဝင်သော အလှကုန်များ တွေ့ရှိပါက သိမ်းဆည်းခြင်းနှင့် သံသယဖြစ်ဖွယ် အလှကုန်များအား ဆိုင်မှဝယ်ယူ၍ ဓာတ်ခွဲခန်းသို့ ဆက်လက်ပေးပို့ စစ်ဆေးသွားမည်ဖြစ်သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းများအား ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီမှ တာဝန်ရှိသူ ဒုတိယညွှန်ကြားမှူး ဒေါက်တာညီညီဝင်း၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး FDA မှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့်၊ စည်ပင်သာယာ ရေးအဖွဲ့(စျေးများဌာန)မှ တာဝန်ရှိသူများ၊ ယုဇနပလာစျေး အုပ်ချုပ်ရေးမှ တာဝန်ရှိသူများက လိုက်ပါဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ ဆက်)