မအူပင်မြို့တွင် မြို့နယ်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မအူပင် စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးက ဦးဆောင်ကျင်းပသည့် မြို့နယ်အဆင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက အမျိုးသမီးကော်မတီလုပ်ငန်း ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်များကို အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆင့်က မြို့နယ်အမျိုးသမီး ကော်မတီအား (၃၁.၃.၂၀၂၁) ရက်နေ့တွင် အဖွဲ့ဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် အမျိုးသမီးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အသိပညာပေးအနေဖြင့် ဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်း၊ ရရှိထိုက်သည့် အခွင့်အရေးများအား ရှင်းလင်းဆွေးနွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အကြမ်းဖက်ခံရသည့်အမျိုးသမီးများအား တရားရင်ဆိုင်စရိတ်နှင့် မီးဖွားစရိတ်များ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

အောင်ခိုင်၊အောင်မြင့်မြတ်